လျှပ်စစ်ကားတင်သွင်းမှု ပြည်တွင်းကားဈေးကွက်အပေါ် ရိုက်ခတ်မှုမရှိနိုင်

အောက်တိုဘာ ၂၉ – ၂၀၂၂
SN (VOM)

Dongfeng Motor Myanmar က တရုတ်နိုင်ငံထုတ် BYD အမှတ်တံဆိပ် လျှပ်စစ်ကား (EV)တွေကို အခုနှစ်မကုန်ခင် တင်သွင်းမယ့်ကိစ္စဟာ ပြည်တွင်း ကားဈေးကွက်အပေါ် ရိုက်ခတ်မှုမရှိနိုင်ဘူးလို့ သိရပါတယ်။

BYD အမှတ်တံဆိပ် လျှပ်စစ်ကား (EV)တွေကို တင်သွင်းနိုင်ဖို့ လက်ရှိမှာ ခွင့်ပြုချက် ရရှိထားပြီးဖြစ်တဲ့အတွက် အခု ၂၀၂၂ ခုနှစ်ကုန်အမီ တင်သွင်းသွားဖို့ စီစဉ်နေပြီး လာမယ့် ၂၀၂၃ ခုနှစ် နှစ်အစပိုင်းမှာ ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ချိနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

“မြန်မာပြည်အနေအထားနဲ့ ယှဉ်ရင်တော့ ဈေးကွက်ထဲမှာ EV က ချက်ချင်းကြီးပေါက်သွားမလား ဆိုတာတော့ အဲ့ဒီလိုလည်း မဖြစ်နိုင်သေးဘူး၊ လိုအပ်ချက်တွေအများကြီး ရှိသေးတယ်။ EV ကြောင့်မို့လို့ တခြားရောက်ပြီးသား၊ ဈေးကွက်ထဲ ရှိပြီးသားကားတွေက ဘာမှကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ဘူး။ EV က ဈေးကွက်ဝေစု တချို့တဝက်ကိုတော့ ယူသွားနိုင်တယ်၊ ဒါပေမယ့် အများကြီးတော့ မယူနိုင်ဘူး။ ဒါ့ကြောင့် ဈေးကွက်အပေါ်မှာ အများကြီး ရိုက်ခတ်မှု၊ သက်ရောက်မှုတော့ မရှိနိုင်ဘူးလို့ ထင်ပါတယ်” လို့ ရန်ကုန်တိုင်း မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။

အဲ့ဒီ့ EV ကားတွေဟာ ပြည်တွင်းဈေးကွက်ထဲကို အခု ၂၀၂၂ ခုနှစ် ဒီဇင်ဘာနဲ့ လာမယ့် ၂၀၂၃ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ အနည်းအကျဉ်း စရောက်လာနိုင်ပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ ရောင်းချနိုင်ဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ လျှပ်စစ်ကားတွေ အားဖြည့်သွင်းနိုင်မယ့် Charger Station တွေ ဘယ်လောက်ထောင်နိုင်မလဲ၊ နောက်တစ်ခုက မီးအားကို ဘယ်လောက်မှန်အောင် ပေးနိုင်မလဲ။နောက်တစ်ခုက မီးအားဗို့အားက အားသွင်းတဲ့အား ဆွဲသွားတာကို ဘယ်လောက်ထိ တောင့်ခံပေးနိုင်မလဲ၊ မီးကြိုးတွေရဲ့ အနေအထား၊ ဒါတွေလည်း အများကြီး ပြင်ဆင်ရဦးမှာပါ။ အဓိကကတော့ မြန်မပြည်မှာ မီးမှန်ဖို့နဲ့ ဗို့အားတောင့်ဖို့ပဲ လိုပါတယ်”လို့ ဦးမင်းမင်းမောင်က ပြောပါတယ်။

EV ကားတွေကို မြန်မာဈေးကွက်ထဲ တင်သွင်းရောင်းချနိုင်ဖို့အတွက် လက်ရှိမှာ ဈေးနှုန်းသတ်မှတ်ထားတာမျိုး မရှိသေးပေမယ့် လက်ရှိ ဒေါ်လာပေါက်ဈေးအတိုင်း ရောင်းချလာနိုင်တယ်လို့ သိရပါတယ်။

“လျှပ်စစ်ကားတစ်စီးက သိန်း ထောင်ကျော်တယ်။ တကယ့်ကားအကောင်းစားတွေနဲ့ တွက်မယ်ဆိုရင် သိန်း ၁၆၀၀ လောက်ရှိတယ်။ အခြေခံလူတန်းစား၊ လူလတ်တန်းစား ဆိုတာကတော့ ဆီဈေးကြီးလို့ဆိုပြီး ဒီလောက်ဈေးကြီးတာကြီး ဝယ်မစီးနိုင်ဘူးလေ။ သုံးလေးငါးရာတန်ဝယ်စီး၊ ကျန်တဲ့တစ်ထောင်ကျော်က အရင်းအနှီးလုပ်လို့ရတာပဲ။ နောက် လျှပ်စစ်မီးမှန်တာတို့ မမှန်တာတို့ ဒါတွေလည်း အများကြီးရှိပါသေးတယ်။ အဲ့ဒီတော့ ဆီဈေးပေါ်မှာမူတည်တာပဲ။ အခုက ဆီဈေးက နှစ်ထောင်ပတ်လည်ရှိနေတာ၊တကယ်တမ်းဆီဈေး ကျကြည့်ပါလား၊ ဒီလျှပ်စစ်ကားကို ဘယ်သူကဝယ်စီးမှာလဲ။ အားသွင်းရင်လည်း ကားရဲ့ဆွဲအားက အိမ်မီးသုံးနဲ့မတူဘူး၊ ဗို့အားကပြင်းတယ်။ မီးကလည်းမှန်ဦးမှကိုး” လို့ မော်တော်ကားရောင်းဝယ်ရေးအသင်းဗဟို (ရန်ကုန်)ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောပါတယ်။

တင်သွင်းရောင်းချမယ့် လျှပ်စစ်ကား (EV)တွေဟာ အရည်အသွေးနဲ့ နည်းပညာမြင့်မားတဲ့ တရုတ်နိုင်ငံထုတ်ကား အများဆုံးဖြစ်ပြီး အဲ့ဒီ့နိုင်ငံက ကားကုမ္ပဏီအများအပြား မြန်မာဈေးကွက်ထဲ ဝင်ရောက်နိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

“ဒီကားတွေ သွင်းလာတော့လည်းကောင်းပါတယ်။ မြန်မာပြည်က ခေတ်မီသွားတာပေါ့။ ဒီကားနဲ့ပတ်သက်လို့ လူတိုင်းတတ်နိုင်တဲ့ကိစ္စတော့ မဟုတ်တဲ့အတွက် ထိရောက်မှုမျိုးတော့ မရှိနိုင်ပါဘူး။ ဒီဟာသွင်းလာလို့လည်း ကားဈေးကျသွားမှာတော့ မဟုတ်ပါဘူး” လို့ ဦးအောင်သန်းဝင်းက ပြောပါတယ်။

လက်ရှိမှာ BYD အမှတ်တံဆိပ် မော်တော်ကားတွေရဲ့ အရောင်းဈေးနှုန်းတွေ ထွက်ပေါ် နေပေမယ့်လည်း အဲ့ဒီဈေးနှုန်းတွေဟာ တရားဝင်ဈေးနှုန်းတွေ မဟုတ်ဘဲ ပြည်တွင်းမှာ ရောင်းချမယ်ဆိုရင် မြန်မာငွေနဲ့ တန်ဖိုးသတ်မှတ်ပြီး ရောင်းချမှာဖြစ်တယ်လို့ အရောင်းကိုယ်စားလှယ်တွေဆီက သိရပါတယ်။

ဥရောပတခွင်မှာ လူကြိုက်များနေတဲ့ BYD အမှတ်တံဆိပ် လျှပ်စစ်ကားတွေကို လျှပ်စစ်ရထား၊ လျှပ်စစ်စက်ဘီး၊ ဘက္ကထရီတွေ ထုတ်လုပ်နေတဲ့ တရုတ်နိုင်ငံအခြေစိုက် BYD Auto Company က ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #BYDလျှပ်စစ်ကား #ပြည်တွင်းကားစျေးကွက်ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW