မိုးမောက်က ကက်သလစ်ဘုရားကျောင်းဝန်းရှိ မူကြိုကျောင်းပေါ် လက်နက်ကြီးကျည်ကျရောက်

နိုဝင်ဘာ ၁၊ ၂၀၂၂
Shy V(VOM)

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်မှာ စစ်တပ်နဲ့ ကေအိုင်အေ တို့အကြား တိုက်ပွဲ အဆက်မပြတ် ဖြစ်ပွားနေပြီး မနေ့ အောက်တိုဘာ ၃၁ ရက်နေ့ ညနေပိုင်းက မြို့ထဲက ကက်သလစ်ဘုရားကျောင်းဝန်းရှိ မူကြိုကျောင်းပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“လက်နက်ကြီးကျည်က မိုးမောက် RC ဘုရားကျောင်းက မူကြိုကျောင်းကို ထိသွားတယ်။ လူတော့ အထိအခိုက်မရှိဘူး။ ကျနော်နေတဲ့ နေရာနဲ့ ဘယ်လောက်မှ မဝေးတဲ့နေရာ လက်နက်ကြီးကျည် တလုံးကျလာတယ်။ ကချင်ရပ်တောင့်က အိမ် အိမ်ရဲ့ အနောက်ဘက်လည်း လက်နက်ကြီး တလုံးကျတယ်။ လူတော့ ဘာမှ မဖြစ်ဘူး”လို့ ဒေသခံ တဦးက ပြောပါတယ်။

မနေ့ကတော့ တိုက်ပွဲအခြေအနေကြောင့် မူကြိုကျောင်းက ကလေးတွေ ဘယ်သူမှ ကျောင်းမတက်ခဲ့တာကြောင့် လူအထိအခိုက် မရှိခဲ့ပေမယ့် ဘာသာရေးကျောင်းဝင်းအတွင်းက မူကြိုကျောင်းအဆောက်အဦတော့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

“မနေ့က ပြည်သူ ထိခိုက်တာ မရှိဘူး။ နေအိမ်ထိတာတော့ ရှိတယ်။ ကျနော်တို့ RC ဘုရားရှိခိုးကျောင်းထဲကို နှစ်လုံးကျတယ်။ မြို့ထဲပဲလေ ဒါ ဘုရားရှိခိုးကျောင်း။ တော်သေးတယ် ကလေးတွေ ကျောင်းမတက်လို့။ တက်ရင် အကုန်သေမှာ။ သူက ကလေးတွေ မူကြိုကျောင်းထဲကိုကျတာ။ အဆောက်အဦကို ကျတာ။ မနေ့က ဘယ်သူမှ ကျောင်းမသွားကြဘူးလေ။ ကံကောင်းတာပေါ့။ မဟုတ်ရင်တော့ သေပြီ။” လို့ လက်ရှိ အကူအညီပေးနေသူ တဦးက ရှင်းပြပါတယ်။

မနေ့ အောက်တိုဘာ ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်က ထိတွေ့တိုက်ပဲဲဖစ်ပြီး မိုးမောက်မြို့ထိပ်နား၊ လယ်ကွင်းဘက်တွေ၊ ကျောက်စခန်း အနီးဘက် နဲ့ ဝဝမ်ရွာထိပ် စတဲ့နေရာတွေမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲက အဆက်မပြတ် ပြင်းထန်ခဲ့တာကြောင့် နှစ်ဖက် အထိအခိုက်၊ အကျအဆုံး ရှိတယ်လို့ နောက်ထပ် ဒေသခံ တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ကစ လက်ရှိအထိ မိုးမောက်မြို့နယ်မှာ တပ်နဲ့ KIA ပူးပေါင်းအဖွဲ့တို့အကြား နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ အမျိုးသမီး တဦးသေဆုံးကာ ပြင်းထန်ဒဏ်ရာ ရရှိသူ ၈ ဦး ဝန်းကျင်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ နေအိမ်၊ အဆောက်အဦအချို့ ထိခိုက်ပျက်စီးသွားတာ ရှိခဲ့သလို ရွာ လေးရွာက ဒေသခံ ၁၀၀၀ ကျော်ခန့်ဟာလည်း ယာယာယီထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo Crd-ဒေသခံများ
#VOM #voiceofmyanmar #မိုးမောက်

Related posts

Leave a Comment

VOM News

FREE
VIEW