ကျောက်တော်မှာ လက်နက်ကြီးကျပြီး ဒေသခံ ၁၅ ဦး ထိမှန်၊ ၈ နှစ်အရွယ်ကလေးနဲ့ အဘ်ိုးအိုတဦးသေဆုံး

နိုဝင်ဘာ ၄- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ဒီကနေ့မနက် ၁၀ နာရီလောက်ကစပြီး လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာတွေအတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သား ၁၅ ဦး ထိမှန်ကာ အသက် ၈ နှစ်အရွယ်ကလေး တဦးနဲ့ အသက် ၈၀ အရွယ် အဘိုးအိုတဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၄ ရက် မနက် ၁၀ နာရီကနေ အခု ညနေပိုင်းအထိ လက်နက်ကြီးပစ်ခတ်မှုတွေရှိနေပြီး အခုလို ထိခိုက်သေဆုံး ဒဏ်ရာရရှိသွားကြတာလို့ သိရပါတယ်။

လက်နက်ကြီး ထိမှန်ပြီး သေဆုံးဒဏ်ရာရကြတဲ့ ၁၅ ဦးဟာ ကုလားတန်မြစ်အရှေ့ဘက် ရွှေပြည်သစ်ရွာ၊ ကုလားတန်မြစ်အနောက်ဘက် မူဆလင်ကျေးရွာဖြစ်တဲ့ လက်ဆောင်ကောက်ရွာ၊ အုန်းပတီးနဲ့ ပိန္နဲချောင်း စတဲ့ ကျေးရွာတွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာလို့ သိရပါတယ်။

ဒဏ်ရာရရတဲ့အထဲ လက်ဆောင်ကောက်ကျေးရွာက ၂ ဦး၊ အုန်းပတီးက ၂ ဦး၊ ပိန္နဲချောင်းက ၅ ဦးနဲ့ ရွှေပြည်သစ်ကျေးရွာက ၆ ဦးတို့ဖြစ်ကာ သေဆုံးတဲ့ ကလေးနဲ့ လူကြီးဟာ ရွှေပြည်သစ်ရွာကလို့ သိရပါတယ်။

ဒဏ်ရာရသူတွေကို လိုက်ပါပ်ို့ဆောင်ပေးနေတဲ့ ဖြူစင်မေတ္တာနာရေးကူညီမှုအသင်းက အခြေအနေတွေနဲ့ ပတ်သက်ပြီး “ရွှေပြည်သစ်ရွာက လူနာတွေကို တင်လာတာ ကားက ဆေးရုံကို မရောက်နိုင်သေးဘူး။ တပ်ကစစ်​ဆေးနေလို့ ဒဏ်ရာရတဲ့ လူတွေရဲ့အခြေအနေတွေ မသိရသေးဘူး။ ဒဏ်ရာကတော့ပြင်းပါတယ်။ ဒါပေမယ့် သေမလား၊ ရှင်မလား မှန်းဆရခက်ပါတယ်။”လို့ ပြောပါတယ်။

ရွှေပြည်သစ်ကျေးရွာမှာ ကျတဲ့ လက်နက်ကြီးကြောင့် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး အသက် ၈၆ နှစ်အဘိုးအိုမှာ လက်နက်ကြီးကျည်ထိမှန်ပြီး ဦးခေါင်းပေါက်ပြဲ ဒဏ်ရာနဲ့ ကျောက်တော်ဆေးရုံမှာ သေဆုံးသွားကြောင်းနဲ့ မြေးဖြစ်သူ အသက် ၈ နှစ်အရွယ် မောင်အောင်မင်းနိုင်ဟာ နေရာမှာပဲသေဆုံးသွားကာ ဒဏ်ရာရရှိတဲ့အထဲ အသက် ၂၀ ကျော်အရွယ် အမျိုးသမီး ၃ ဦးနဲ့ ၃၅ နှစ်ရွယ် ဦးနိုင်နိုင်ဦးမှာ ပေါင်နဲ့ ခြေသလုံး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ကျေးရွာတာဝန်ရှိသူတဦးက ပြော​တြယ်။

ရွှေပြည်သစ်ကျေးရွာ ဆရာတော်က ” ဒီလိုတွေဖြစ်ပျက်သွားတဲ့အပေါ် ဝမ်းနည်းမိတယ်။ မသေသင့်ဘဲ သေဆုံးသွားတဲ့အပေါ် မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါတယ်။” လို့ ပြောပါတယ်။

ဒီကနေ့ညနေပိုင်း ၄ နာရီအထိ ရရှိတဲ့သတင်းတွေအရ လက်နက်ကြီးပစ်ခတ်သံတွေကို ၁၀ မိနစ်၊ ၅ မိနစ်ကြား တကြိမ် ကြားရပြီး ရဟတ်ယာဥ်တစီးလည်း ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဒေသခံတွေကြောက်လန့်ပြီး ပုန်းခိုတွင်းတွေထဲ ဝင်နေရပြီး ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအဖို့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လက်နက်ကြီကျည်ကျရောက်ပေါက်ကွဲပြီး သေဆုံး ဒဏ်ရာရသူ ၄၀ နီးပါးအထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

ရွှေပြည်သစ်ကျေးရွာ ဆရာတောက ” တိုက်ပွဲရပ်တန့်ဖို့ ဦးဇင်းတို့ တောင်းဆိုလည်း ရမယ်မထင်ပါဘူး။ အထက်က လူကြီးတွေ ညှိညှိနှိုင်းနှိုင်းလုပ်ရင်တော့ ပြည်သူလူထုအတွက်ကောင်းတာပေါ့။ တာဝန်ရှိတဲ့သူတွေကို ပြောချင်တာကတော့ တဖက်နဲ့တဖက် ညီညီမျှမျှနဲ့ ဆွေးနွေးစေချင်တယ်။”လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း ပိစီကျေးရွာတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲ မိသားစု ၃ ဦးဟာ နေရာမှာပဲ ပွဲ ချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီမတိုင်ခင် အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကျောင်းဆရာမတဦးနဲ့ အသက် ၈ နှစ်အရွယ်ကလေးတဦးအပါအဝင် ၃ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ကျောက်တော် #လက်နက်ကြီးကျ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW