ကွတ်ခိုင် ကချင်ဓမ္မတက္ကသိုလ်ဝင်းထဲ လက်နက်ကျလို့ကျောင်းသား ၄ ဦးထိခိုက် ဒဏ်ရာရ

နိုဝင်ဘာ ၄၊ ၂၀၂၂
Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မတက္ကသိုလ် ကျောင်းဝင်းထဲကို မနေ့ နိုဝင်ဘာ ၃ ရက် ည ၈ နာရီ ခွဲကျော်ခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းသား ၄ ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အမှတ်တရကုန်းကနေ ပစ်တာ။ ကျမ်းစာကျောင်းဝင်းထဲ လက်နက်ကြီး ၁ကြိမ်ကျတယ်။ ကျောင်သား ၄ ယောက်ထိတယ်။” လို့ ကျောင်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

ထိခိုက် ဒဏ်ရာရသူတွေကတော့ အသက်၂၁ နဲ့ ၂၇ ကြားရှိ ကျောင်းသား ၄ ဦးဖြစ်ပြီး ခြေထောက် ထိခိုက် ဒဏ်ရာရသူ ဒွဲလာနဲ့ ဘရန်ဆန်၊ လည်ပင်း ထိခိုက်ဒဏ်ရာရသူ အောင်ဆန့်၊ နားရင်းအောက်မှာ ထိခိုက်ဒဏ်ရာရသူ ဆွတ်ရိန်အောင်တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

“တိုက်ပွဲ မဖြစ်ဘူး။ ရုတ်တရက် လက်နက်ကြီးသံ ထွက်လာတာ၊ ပထမ အကြိမ်က ၂ ချက်၊ ဒုတိယ အကြိမ် ၁ ချက်နဲ့ တတိယ အကြိမ်မှာတော့ ၃ ချက် ဆက်တိုက် ပစ်သံ ထပ်ကြားရပြီး ဘယ်နေရာတွေမှာကျပြီး ဘာတွေ ဘယ်လောက်ထိခိုက်သွားတာကိုတော့ နောက်ထပ် မသိရသေးဘူး”လို့ ဒေသခံ တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ည ၇ နာရီ ၄၅ ခန့်လည်း ကွတ်ခိုင်မြို့ပြင်က မော်ဟစ်ရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကလေးငယ်တွေ အပါအဝင် မော်ဟစ်ရွာခံ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း အဲဒီရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ‌ရွာခံ ပြည်သူ ၅ ဦး သေဆုံးခဲ့ရပါတယ်။

Photo Crd-ဒေသခံ
#VOM #voiceofmyanmar #ကွတ်ခိုင် #လက်နက်ကြီးပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW