ဈေး ၃ မျိုးဖြစ်နေတဲ့ မြန်မာ့ရွှေဈေးကွက်

‌နိုဝင်ဘာ ၆ – ၂၀၂၂
SN (VOM)

လက်ရှိ မြန်မာ့ရွှေဈေးကွက်အတွင်းမှာ ရန်ကုန်တိုင်း‌ရွှေအသင်းက ထုတ်ပြန်သတ်မှတ်ဈေးနဲ့ ပြင်ပပေါက်ဈေးဆိုပြီး ဈေး ၃ မျိုး ဖြစ်ပေါ်နေပါတယ်။

ရွှေအသင်းကတော့ အောက်တိုဘာ ၃၀ ရက်နေ့ ရက်စွဲနဲ့ ရန်ကုန်တိုင်းအတွင်းက ရွှေဆိုင်အားလုံး အခေါက်ရွှေတကျပ်သား ၂၅ သိန်း ၃ သောင်းကျပ်နဲ့ ရောင်းချပေးဖို့ ပန်ကြားစာ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် လက်ရှိ ‌ပြင်ပဈေးကွက်ထဲမှာတော့ ၂၆ သိန်းကျော်နဲ့ အရောင်းအဝယ် ဖြစ်နေပြီး အသင်းရဲ့ ရည်ညွှန်းဈေးကတော့ ၁၉ သိန်းကျော် ရှိနေတာဖြစ်ပါတယ်။

“ရွှေဈေးကတော့ သူတို့သတ်မှတ်ဈေးနဲ့က ဘယ်သူမှ မရောင်းနိုင်ပါဘူး။ သူတို့ကိုယ်တိုင်တောင် မရောင်းနိုင်ဘူး။ အခု ဈေးတန်းတစ်ခု သတ်မှတ်ပေးလိုက်တာတောင်မှ သူတို့ရည်ညွှန်းဈေးနဲ့မတူဘူး။ ဒါ သူတို့ကိုယ်တိုင်ကိုက အပြင်ပေါက်ဈေးရဲ့ အနေအထားကို မငြင်းနိုင်တာ၊ မျက်ကွယ်မပြုနိုင်တာ ထင်ရှားတာပေါ့။ ဒီ ၂၅ သိန်းဈေးကြောင့် မှောင်ခိုဈေးကွက်တောင် ပိုပြီးကြီးထွားသွားနိုင်သေးတယ်။ ဈေးကတော့ အခုဆို ၃ မျိုးဖြစ်သွားပြီ ဆိုတော့ အတော်ကို ကမောက်ကမနိုင်တဲ့ အနေအထားပေါ့” လို့ စီးပွားရေးပညာရှင်တဦးက သုံးသပ်ပြောပြပါတယ်။

အခုလို ရွှေဆိုင်တွေအတွက် ဈေးနှုန်းတစ်ခု သတ်မှတ်ပေးရခြင်းဟာ ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီက ညွှန်ကြားလာတဲ့အတွက် အသင်းအနေနဲ့ မေတ္တာရပ်ခံပေးခြင်းသာဖြစ်တယ်လို့ သိရပါတယ်။ ရွှေဆိုင်အားလုံးက အသင်းဝင်မဟုတ်တဲ့အတွက် အသင်းရဲ့ သတင်းပေ့ချ်မှာ တင်ပေးလိုက်ရခြင်းဖြစ်တယ်လို့ ရွှေအသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

“ရွှေဆိုင်အားလုံးက အသင်းဝင် မဟုတ်တဲ့အတွက် အသင်းပေ့ချ်မှာ တင်ပေးလိုက်တယ်။ အဲ့ဒါအတိုင်း လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းတဲ့သဘောနဲ့ ထုတ်ပြန်တာပါ။ ဒါကို ရွှေဆိုင်အားလုံး လိုက်နာ ဆောင်ရွက်ကြရမှာပါ”လို့ သူက ပြောပါတယ်။

အဲ့ဒီ့လို ရွှေအသင်းက ပန်ကြားစာ ထုတ်ပြန်ထားပေမယ့် ပြင်ပဈေးကွက်မှာတော့ ၂,၆၇၅,၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်နေတာပါ။ ဒါနဲ့ပတ်သက်လို့ ကြပ်မတ်ဆောင်ရွက်မယ့် အပိုင်းတွေကိုတော့ အဆိုပါ ကော်မတီကသာ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“သတ်မှတ်ဈေးအတိုင်း မရောင်းတာကတော့ ကျွန်တော်တို့အနေနဲ့ ပြောပိုင်ခွင့်မရှိဘူး။ ကျွန်တော်တို့ကတော့ အသင်းတွေမှာ မေတ္တာရပ်ခံပေးတယ်။ ကျန်တဲ့ကိစ္စကတော့ ရွှေဈေးကွက် စောင့်ကြည့်ရေးကော်မတီကပဲ စောင့်ကြပ်ထိန်းသိမ်းသွားမှာ ဖြစ်တဲ့အတွက် အဲ့ဒါကတော့ ဌာနဆိုင်ရာလုပ်ငန်း ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဖြေကြားလို့မရပါဘူး”လို့ သူက ပြောပါတယ်။

ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်ကော်မတီရဲ့ ထုတ်ပြန်ချက်ဟာ လက်တွေ့မကျတဲ့အပြင် ညွှန်ကြားချက်ထက် ကွာဟနိုင်တဲ့ အနေအထားမှာရှိနေပြီး အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ ရွှေကုန်သည်တွေက ပြောပါတယ်။

“ပန်ကြားလွှာဆိုပြီး ထွက်လာတာ သူတို့က ဒီလိုသတ်မှတ်တယ်ဆို ဆိုင်တွေကတော့ သူတို့ခိုင်းတဲ့ဈေးနဲ့ပဲ ရောင်းရမှာပေါ့။ ဒါပေမယ့် အလျော့တွက်လက်ခ တွေ ပိုတွက်ပြီး ရောင်းကြမှာပေါ့။ ရောင်းတဲ့သူတွေကတော့ သူတို့ကိုက်အောင် တွက်ပြီး ရောင်းကြမှာပဲ။ ဝယ်ယူတဲ့သူတွေက အလျော့တွက်ပိုပေးရသလို ဖြစ်သွားမှာ။ ဒီလိုထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အပြင်က ရောင်းဝယ်မှုပုံစံကို စာထုတ်တဲ့အသင်းက လူတွေကသိပါတယ်။ ဒါပေမယ့် အပေါ်က ဖိအားပေးမှုတွေကြောင့် မသက်သာလို့ ကြေညာလိုက်ရတဲ့သဘောပါ”လို့ ရွှေကုန်သည်တဦးက ပြောပါတယ်။

ရွှေအသင်းမှာ တရားဝင် ရွှေရောင်းချနိုင်ခြင်း မရှိတော့တဲ့အချိန်ကစတင်လို့ မှောင်ခိုဈေးကွက်လည်း ကြီးထွားလာနေတယ်လို့ သိရပါတယ်။ အခုလိုထုတ်ပြန်မှုကြောင့် ရွှေဆိုင်တွေရဲ့ ရောင်းချပုံနဲ့ အလျော့တွက်လက်ခ တိုးမြင့်ကောက်ခံမှုတို့ကြောင့် ဝယ်ယူသူတွေအနေနဲ့ ရွှေတကျပ်သားကို ကျပ်တသိန်းနီးပါး နစ်နာနိုင်ချေရှိနေတယ်လို့ သူက ပြောပါတယ်။

“မှောင်ခိုဈေး ၂၆ သိန်းကျော်နဲ့ အရောင်းအဝယ်တွေ လုပ်နေကြတယ်။ အရေးယူမယ့်အပိုင်းတွေက ရှိလာမှာပဲ။ ဆိုင်တွေမှာ တရားဝင်ကတော့ ၂၅၃၀၀၀၀ နဲ့ပဲ ရောင်းကြမှာပဲ။ အရေးယူလို့မရအောင် ရောင်းကြမှာပဲ”လို့ သူက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြင်ပရွှေဆိုင်တွေဆီက ရွှေဝယ်ယူရာမှာ ဘောင်ချာဖြတ်ပေးတဲ့ဈေးနှုန်းထက် ပိုမိုပေးကာ ဝယ်ယူရတဲ့အတွက် ရွှေဝယ်ယူသူများဘက်က ရွှေဆိုင်များအပါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

အဲ့ဒီ့လို ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီးတဲ့နောက်ပိုင်း ရွှေဆိုင်တွေအနေနဲ့ စျေးနှုန်းတွေ ဖော်ပြကြေညာခြင်းမရှိတော့ဘဲ ရွှေဆိုင်ရောက်ရှိချိန်အတွင်း သတ်မှတ်ပေါက်စျေးအတိုင်းသာ ရောင်းချနေကြတယ်လို့ သိရပါတယ်။ အခုလို ရွှေအသင်းက ကြေညာထားတဲ့စျေးအတိုင်း ရောင်းချမှုမရှိတဲ့အပေါ်မှာလည်း ဝေဖန်မှုတွေ ထပ်မံ မြင့်တက်နေတယ်လို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကလည်း အခုလို ရွှေဈေး သတ်မှတ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအချိန်တုန်းကလည်း ရွေဆိုင်တွေက အလျော့တွက်လက်ခတွေ တိုးမြှင့်တွက်ချက် ရောင်းချခဲ့တဲ့အတွက် အဆိုပါ ထုတ်ပြန်ချက်ဟာလည်း ထိရောက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

လက်ရှိမှာလည်း ပြည်တွင်းရွှေဈေးနှုန်း တည်ငြိမ်စေဖို့အတွက် နစကက ဝင်ရောက် ထိန်းကျောင်းတဲ့အနေနဲ့ ရွှေစင်ရွှေခဲတွေ၊ ရွှေဒင်္ဂါးတွေ ရောင်းချပေးခဲ့ပေမယ့်လည်း ရွှေဈေးမှာ အခုအချိန်အထိ အတက်ဘက်ကိုသာ ဦးတည်လျက်ရှိပါတယ်။

နစက က ပြည်တွင်း ရွှေဈေးကွက်အတွင်း ဈေးနှုန်း မတည်မငြိမ်ဖြစ်စေဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ဈေးကစားတဲ့သူတွေနဲ့ လေပတ်ကားသမားတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ ကြေညာထားပေမယ့်လည်း ဈေးကစားမှုတွေကတော့ လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်းက ပြည်တွင်းဒေါ်လာဈေး ကမောက်ကမဖြစ်မှုကို အခွင့်ကောင်းယူပြီး ဈေးကစားသူတွေကြောင့် ရွှေဈေးဟာ ၃၇ သိန်း ဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့ပါသေးတယ်။

လက်ရှိ ပြင်ပ ဈေးကွက်အတွင်းမှာတော့ အခေါက်ရွှေ တကျပ်သား ၂,၆၆၀,၀၀၀ ကျပ်ရှိပြီး ရွှေအသင်းရဲ့ ရည်ညွှန်းဈေးမှာတော့ ၁,၉၂၇,၀၀၀ ရှိနေပါတယ်။ ကမ္ဘာ့ရွှေစျေးမှာတော့ တအောင်စ ၁၆၃၆ ဒေါ်လာ ဖြစ်ပါတယ်။ ။

#voiceofmyanmar #VOM #ရွှေစျေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW