သတင်းစာမှာ သီးနှံအထွက်ကောင်းပြီး ပြည်ပတင်ပို့မှုအားကောင်းသည်ဆိုသော်ငြား မြေပြင်မှာ အရှုံးနဲ့ရင်ဆိုင်နေရ

နိုဝင်ဘာ ၅ – ၂၀၂၂
SN (VOM)

နိုင်ငံပိုင်သတင်းစာမှာ သီးနှံအထွက်ကောင်းပြီး ပြည်ပတင်ပို့မှုအားကောင်းသည်ဆိုသော်ငြား မြေပြင်အခြေအနေမှာတော့ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းဝေး (၈/၂၀၂၂)မှာ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး တိုင်းပြည်ဟာ သာယာဝပြောပြီး ဆန်နဲ့ပဲအပါအဝင် အခြားသီးနှံများ အထွက်နှုန်းကောင်းကာ ပြည်ပတင်ပို့မှုအားကောင်းလာတဲ့အတွက် ဒီထက်ပိုလုပ်နိုင်အောင်ကြိုးစားရမယ်လို့ နစကဥက္ကဋ္ဌက ပြောဆိုခဲ့တာ​လည်း ရှိပါတယ်။

အဲ့ဒီ့လို ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တဦးက “အထွက်နှုန်းကောင်းလို့ ပြည်ပတင်ပို့နိုင်တာ မဟုတ်ပါဘူး။ ကုန်သည်က ကုန်ကိုဆက်လှောင်ထားလို့ မရတော့လို့ အရင်နှစ်ကဟာတွေ ထုတ်ရောင်းရတာပါ။ မြေပြင်အခြေနေကို မျက်ကွယ်ပြုပြီး ဟန်ပြပြောနေတာ။ ဒေါ်လာဂယက်ကြောင့် တဖက်နိုင်ငံနဲ့ ကတိကဝတ်ပျက်မှာစိုးလို့ အရှုံးခံပို့နေရတဲ့အခြေနေပါ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ စီးပွားရေး လုပ်ငန်းတွေဟာ နစကရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေ၊ ဒေါ်လာ ထိန်းချုပ်မှုတွေ၊ ပို့ကုန် သွင်းကုန်ကဏ္ဍ ကန့်သတ်မှုတွေကြောင့် စီးပွားရေး ဆက်တိုက် ကျဆင်းလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ကုန်ကြမ်းပစ္စည်းဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာတာ၊ အထွေထွေကုန်ကျစရိတ် ကြီးမြင့်လာတာတွေကြောင့်လည်း အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“မူဝါဒကို အမျိုးမျိုးပြောင်းလဲနေတာကလည်း ပို့ကုန်သွင်းကုန်လုပ်ငန်းတွေမှာ လုပ်ရကိုင်ရခက်စေတဲ့ အနေအထားပါ။ အခွန်အခတွေ ဈေးတက်တာတွေနဲ့ လုပ်ငန်းရှင်တွေ အခက်ခဲဖြစ်နေတာပါ။ ငွေကြေးဖောင်းပွမှုတွေဖြစ်နေတာ၊ ကျပ်ငွေတန်ဖိုးတွေ ကျဆင်းနေတာကလည်း လုပ်ငန်းရှင်တွေကို အထိနာစေပါတယ်။ မြေပြင်အနေအထားအရတော့ အရှုံးခံသွားနေရတဲ့ အခြေအနေပါ”လို့ နောက်ထပ် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဒါ့အပြင် FATF ရဲ့ အမည်ပျက်စာရင်းကြောင့်လည်း နယ်စပ်လမ်းကြောင်းကနေ တဆင့် ပြည်ပနိုင်ငံကိုကြားခံပြီး ပို့ကုန်၊ သွင်းကုန် လုပ်ရလို့ ငွေတန်ဖိုးကျဆင်းမှု၊ ကုန်ကျစရိတ်ကြီးမြင့်မှုနဲ့ ရငွေနည်းပါးမှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

စိုက်ပျိုးရေးလုပ်ရာမှာလည်း မျိုးစေ့ အလုံအလောက်မရတာ၊ ဓာတ်မြေသြဇာတွေ အဆမတန် ဈေးတက်နေတာ၊ စိုက်ပျိုးမြေ ဆုံးရှုံးနေတာတွေကြောင့် လာမယ့်နှစ်မှာ သီးနှံထွက်ရှိမှုနှုန်းနည်းပြီး ပြည်ပတင်ပို့နိုင်မှု လျော့ကျနိုင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စိုက်ပျိုးသီးနှံ အဓိကထွက်ရှိတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပေါ်နေတဲ့အပြင် လယ်ယာမြေတွေ၊ နေအိမ်တွေပါမကျန် မီးရှို့ခံထားရပြီး တောင်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Photo Crd – Origibal Uploader
#VOM #voiceofmyanmar #သီးနှံအထွက်နူန်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW