မြနန္ဒာ ရေညိုသန်းတယ်…

ဆူးငှက်

““နန္ဒာရေဝန်းရံခ၊
ပတ်လည်မှာ . . .ရွှေမန်းတောင်တော်သာ
အို . . . ဆန်းပါလှ၊
မြို့နန်းဝတိံသာ””တဲ့။
မဟာဂီတလာ “မန်းတောင်လကျ်ာ” ယိုးဒယားကြီး၌ မန္တလေးကို ဤကဲ့သို့ ဖွဲ့ဆိုခဲ့၏။
““နန္ဒာရေဝန်းရံခ”” တဲ့။ ဟုတ်သည်။ ဧရာဝတီမြစ်ကြီး၏ အရှေ့ဘက်ကမ်းမှာ တည်ထားသော မန္တလေးမြို့သည် တောင်ဘက်မှာက တောင်သမန်အင်းကြီး ရှိသည်။ အနောက်ဘက်မှာ တက်သေးအင်း။ အခုတော့ မန္တလေးကန်တော်ကြီးဟု သုံးစွဲခေါ်ဝေါ်နေသည်။ အရှေ့တောင်မှာက ဇောင်းကလောကန်ကြီး ရှိသည်။ အရှေ့ဘက်တစ်ကြောကြီးက မင်းရှင်စော၏ အောင်ပင်လယ် ကန်တော်။ အောင်ပင်လယ်ကန်က တောင်ဘက် ဗိုလ်တက်ကုန်း မှသည် ဟိုးမြောက် မန္တလေးတောင် အရှေ့ဘက်အထိ ရှိမှာပေါ့။မြောက်ဘက်မှာက နန္ဒာကန် ရှိပါသည်။

အောင်ပင်လယ်ကန်၏ မူလအမည်မှာ ‘ကန်တိလိကန်’ဖြစ်သည်။ သက္ကရာဇ် ၅၁၃ခုနှစ်တွင် မင်းရှင်စောက ဆည်တော်မူသည်။ တနင်္ဂနွေသား မင်းရှင်စောက တနင်္ဂနွေနေ့မှာပင် ကန်တော် ဆည်ယူ ဖို့ဆောင်
ပြီးစီးသဖြင့် အောင်ပင်လယ်ကန်ဟု အမည် သမုတ်ခဲ့သည်။ အောင်ပင်လယ်ကန်သည် အလျားတာ သုံးထောင်၊ လယ်ပယ်သုံးသောင်းကို သုံးသီးစား စိုက်ပျိုးနိုင်သည်ဟု ဆို၏။ မင်းရှင်စော ဆည်တော်မူခဲ့သော အောင်ပင်လယ်ကန်ကို ဘိုးတော်ဘုရား(ဗဒုံမင်း)က သက္ကရာဇ် ၁၁၅၁ခု၊ နယုန်လပြည့်၊ တနင်္လာနေ့တွင် နောက်ပါ ဗိုလ်ခြေထုနှင့် မဟာမုနိဘုရားအနီး ယာယီတဲနန်း၌ စံမြန်းတော်မူပြီး ထပ်မံဆည်ဖို့ပြုပြင်တော်မူပြန်သည်။ မင်း၊ မိဖုရား၊ မင်းညီမင်းသား၊ မှူးတော် မတ်တော်၊ ကတော်စိုးတို့နှင့်တကွ အမရပူရရွှေမြို့တော်မှ တစ်အိမ်တစ်ယောက်မက ပြည်သူများနှင့်လည်း လယ်ထွန်မင်္ဂလာဆင်း၍ ကန်တော်နှင့် ပက်သက်သမျှ ကျောက်စာရေးထိုး စိုက်ထူတော်မူခဲ့၏။

××××× ×××××

မင်းတုန်းမင်းသည် မန္တလေး မြို့တည် နန်းတည်ဖို့ ကြံဆောင်တော်မူလေသောအခါ အနောက်ဘက်တွင် ဧရာဝတီမြစ်၊ တောင်ဘက်တွင် တောင်သမန် နှင့် ဇောင်းကလောကန်၊ မြောက်ဘက်တွင် နန္ဒာကန်တို့ တည်ရှိပြီး၊ အရှေ့ဘက် ရှမ်းရိုးမတောင်ကို နောက်ခံပြုပြီး၊ တောင်မြောက် အလျား (၇)မိုင်၊ အရှေ့အနောက် အနံ(၃)မိုင်ခန့် ကျယ်ဝန်းသော အောင်ပင်လယ်ကန်ကြီး တည်ရှိနေသည့် မန္တလ ခေါ် မန္တလေးတောင်ခြေရင်းက စည်မျက်နှာကဲ့သို့ပြန့်ပြူးသော လွင်ပြင်နေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ညနေစောင်းလျှင်ဖြင့် ဧရာဝတီမြစ် နှင့် အောင်ပင်လယ်ကန် တစ်ခို ကူးချည်သန်းချည် အပြန်အလှန် အိပ်တန်းဝင်မည့် ငှက်ကျေးသာရကာတို့က သံစုံကျူးရင့်ကာ ပျံဝဲနေကြပုံများကလည်း လွမ်းဆွတ် အံ့ဖွယ်ရာတဲ့လေ … ။
ထိုစဉ် ထိုကာလ အောင်ပင်လယ်ကန်သည် ပုခန်းမင်းသားကြီး၏ အောင်မြေသာစံအစချီ တောင်လားပတ်ပျိုးကြီးထဲက‘ရွှေသွေးမျက်ခြည်လေပြည်ယူသိမ်းမြစိမ်းရောင်ညို့ညို့၊ မှိုင်းမို့မို့ရတဲ့ရေကန်သာ၊ ပဒုံရွှေကြာ အငုံဝေဆာ၊ ရဂုံတွေမှာ၊ ညိုးညိုးညင်းညင်း၊ ကြိုင်မွှေးမာလာပန်းစုံကသင်း… ‘ဟူသော စာသားလို လှပ တင့်တယ်ပေလိမ့်မည်။

ထို့ပြင် အောင်ပင်လယ်ကန်ကြီးတွင် ကျေးငှက်သာရကာတို့ ကျက်စားပျာ်မြူးပုံများကလည်း မြဝတီမင်းကြီး၏ ‘လောင်းပန်း ဂမုန်းအင်လေတည့်မှ’အစချီတာဘွဲ့ပတ်ပျိုးကြီးထဲက‘မြရည်လေရေခင်း၊ ရွှေခပင်းငယ်မှာ ရွှေဟင်္သာကြွေးလှော်ရင့်ရင့်နှော၊ အလို ရွှေဟင်္သာ .ဝေးကွာ တင့်တင့်စော..၊ ဥသြရွှေသာကာလေ တည့်မှ တံကြောစုံမြိုင်ချာ ခေါက်ရှာငယ်ခေါ် ကျူးခြင်း၊ကာသာပျာ်မြူးရင်း …’ ဟူသော စာသားကဲ့သို့လည်း ဖြစ်ပေလိမ့်မည်။
ထိုရောအခါက ကောင်းကင်မှ နတ်ကြည့် ကြည့်လျှင် မန္တလေးသည် လေးဘက်လေးတန် ရေဝိုင်းရံခ နေပေလိမ့်မည်။

××××× ×××××

မူလ တောတောင်သဘာ၀ သန့်ရှင်းအေးမြသော စိမ့်ရေ စမ်းရေချာင်းကန် မြစ်ရေကို ရှေးစာဆိုတို့က “မြ” အရောင်နှင့် ခိုင်းနှိုင်းဖွဲ့ဆိုကြသည်။ သဘာ၀ တွင်းထွက်ရတနာ “မြ” က စိမ်းလဲ့သည်။ အေးမြသည်။ မြဝတီမင်းကြီးဦးစ၏ သာဆန်းရဂုံဘွေ ပတ်ပျိုးတွင်“မြနဒီရေသီတာက စိမ်းတယ်ကို..” ဟုဖွဲ့ခဲ့သည်။ ထို့အတူ တောဘွဲ့ပတ်ပျိုးတွင်လည်း “မြသားရေကန်မှာ ရေနဒီက စိမ်းတယ်ကို..” ဟုလည်း ဖွဲ့ခဲ့၏။ ထို့ကြောင့် ရှေးအတိတ် တဘောင်အဖြစ် ယူဆခဲ့ကြသော “အသက်ကယ်တဲ့ ရှည်စေလို မြနန္ဒာရေညိုသန်းတဲ့ မန်းတောင်ရီပ်ခို” စပ်ဆိုခဲ့ကြရာတွင် မန္တလေးတောင်တော်မြောက်ဖက်ခြေရင်းရှိ နန္ဒာကန်၏ အးမြသန့်ရှင်းမှုကို “မြ”နှင့် ခိုင်းနှိုင်း ဖွဲ့ဆိုခဲ့ခြင်း ဖြစ်သည်။

မဟာနန္ဒာ ကန်တော် ဟု အမည်သမုတ်ခဲ့သော ကန်တော်သည် ပုဂံခေတ် အလောင်းစည်သူမင်းကြီးလက်ထက် ကတည်းက ဆည်ဖို့ခဲ့သော ကန်ဖြစ်သည်။ အမည်ရင်းမှာ မောင်းမကန်ဖြစ်ပြီး သက္ကရာဇ် ၁၁၅၀ပြည့်နှစ် တပေါင်းလတွင် အမရပူရမြို့တည် ဘိုးတော်ဘုရားက ထပ်မံပြင်ဆင် ကန်ဆယ်ခဲ့သည်။ အလျားတာပေါင်း ၂၀၀၀ရှိပြီး လယ်ပယ် ၂၀၀၀၀ ကို ရေပေးသွင်းနိုင်ခဲ့၏။ ဘိုးတော်၏ အောင်ပင်လယ်ကျာက်စာ၌ “ အမရပူရရွှေမြို့တော်တည်၊ ဆင်ဖြူများသိခင်၊ဘဝရှင်မင်းတြားကြီးသည်၊ နန္ဒဝန်ဥယျာဉ်တော်၏ အရှေ့ဘက်ပါ၊ မျက်နှာစာက နန္ဒာသမိုက်၊ ခံတန်ထိုက်ရုယ်၊ နန္ဒာ မည်သော ကန်တော်ကြီးကို ဆည်တော်မူပြီး” (မူရင်းသတ်ပုံ) ဟု ရေးထိုးခဲ့သည်။ မန္တလေး ရတနာပုံနေပြည်တော် တည်ထောင်စဉ် သက္ကရာဇ် ၁၂၁၈ခုနှစ်၊ တပို့တွဲလဆန်း ၉ရက်နေ့တွင်လည်း မင်းတုန်းမင်းကြီးကိုယ်တော်တိုင် ကန်ကောက် စံနန်းတော်သို့ ထွက်တော်မူပြီး အောင်ပင်လယ်ကန်တော်ကို သေနတ်ဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှကျော်သူနှင့် မှူးမတ်အရာရှိများ သာမက နန္ဒာကန်တော်ကိုလည်း အိမ်ရှေ့မင်းနှင့် မှူးတော်မတ်တော် တို့ကို တာဝန်ပေးကာ ကြီးကြပ် ဆည်ဖို့ လုပ်ဆောင်စေသည်။ ထို့ကြောင့် ပုဂံခေတ်အစ အမရပူရခေတ်အလယ် ရတနာပုံခေတ်အဆုံး နန္ဒာကန်တော်၏အလှကို စာဖွဲ့မဆုံး ရှိရုံသာမက “အသက်ကယ်တဲ့ ရှည်စေလို မြနန္ဒာရေညိုသန်းတဲ့ မန်းတောင်ရိပ်ခို”ဟူ၍ နန္ဒာကန်တော်သည် မန္တလေး၏ အမှတ်အသားသဖွယ် တည်ရှိခဲ့၏။

ဤတွင်နောက်ပိုင်း ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီကတည်းက ထင်ရှားခဲ့သည့် နန်းတော်ရှေ့ဆရာတင် ရေးစပ်ခဲ့ပြီး အငြိမ့်မင်းသမီး စိန်ပါတီ သီဆိုခဲ့သည့် “မြနန္ဒာ”သီချင်းနှင့် ၁၉၄၇ခုနှစ်တွင် မြို့မငြိမ်း စပ်ဆိုခဲ့သည့် “ရွှေမန်းတောင်ရိပ်ခို” သီချင်းတို့တွင် မြနန္ဒာ ရေညိုသန်းတယ် ဟူသော စာသားအမှန်ကို ရေကားမညို၊ နေသာညိုရမည်ဟု အသုံးသပ်လွဲကာ
ငြင်းခုန်ကြသေး၏။ တကယ်တော့ ရှေးစာ မကျေသူတို့၏ အသုံးအသပ် အလွှဲများပဲ ဖြစ်သည်။ ရှေးစာများ၌ သဘာဝအတိုင်း သစ်ရိပ်ဝါးရိပ်များအကြား သန့်ရှင်းစွာ တည်ရှိသော စိမ့်စမ်းချောင်းကန် မြစ်ပြင်ရှိ ရေကောင်းများကို ဖွဲ့ဆိုရာတွင် မြအဆင်းနှင့် နိူင်းခိုင်းသလို ထိုရေပြင်၏ ကျယ်ပြန့် နက်ရှိုင်းမှုကိုလည်း ညိုခြင်း ညို့ခြင်းဖြင့် ဖွဲ့နွဲ့သည်။

မြဝတီမင်းကြီး ဦးစ၏ ဇေယျာရွှေမြေ သီချင်းခံတွင် “နယ်နန္ဒာ ကန်သာရေလျှံ ဝန်းကြည်စိမ်းလဲ့ ဖလ်ရှိန်ညို့” ဟု စပ်ဆိုခဲ့သည်။
ထို့အတူ မင်ကွန်းမင်းသား၏ ရွှေဘိုမြို့ဘွဲ့ ပတ်ပျိုးတွင်လည်း“ နန္ဒာရေညိုဝန်း ဖောရောင်ရွှန်း”ဟု ပါရှိသည်။ ပုခန်းမင်းသားကြီး၏ တောင်လားပတ်ပျိုးတွင် “ရွှေသွေးမျက်ခြည် လေပြည်ယူသိမ်း မြစိမ်းရောင်ညို့ညို့ မှိုင်းမို့မို့ရတဲ့ ရေကန်သာ” ဟုရေးဖွဲ့သည်။ မြဝတီမင်းကြီးဦးစ၏ အထူးထူးငယ်နှင့်တောလားပတ်ပျိုးတွင် “စိမ်းညိုငယ် လဲ့သွေးရရေလိုအေး”
ဟုဆို၏။ နန်းသီဟိုမှော်ပြန် ယိုးဒယားတွင် “ရေညိုဝန်းခွကာရံ” ဟု ရေဖွဲ့သည်။ စလေဦးပုညကလည်း မန္တလေးမြို့ဘွဲ့ ၈၀ပေါ်တေးထပ်တွင် “မြမြင့်မိုထက် ရေညိုခွေချပ် ဂဟေထပ်သား”ဟု ရေးဖွဲ့သည်။
ထို့ကြောင့် “မြနန္ဒာရညိုသန်း”ခြင်းသာ ဖြစ်ပါ၏မြနန္ဒာကား နေမညိုပါချေ။

ရှေးစာကျေသော ပီဘိ မန္တလေးသားကြီး နန်းတော်ရှေ့ဆရာတင်က သူ၏ “မြနန္ဒာ” သီချင်းတွင် ရေညိုသော ရွှေမြနန္ဒာ ကို “ရေညိုသည့် စကားလုံးအကြိမ်ကြိမ် ထပ်သုံးကာ” လှလှပပ ခံ့ခံ့ညားညား
စပ်ဆိုခဲ့ပါ၏။

မြနန္ဒာ – (နန်းတော်ရှေ့ဆရာတင်)

– ရက်ရွေးမနေပါနဲ့ ကိုကိုရယ် … အသက်ကလေးရယ် ရှည်စေလိုရင်ဖြင့် မြနန္ဒာ ..မြနန္ဒာ … ရေညို သန်းတယ် … မန်း တောင်ရိပ်ခို .တွေူကြပါ ရှေးကစာ ဒီအတိုင်းဆို အသက်ကလေးရယ် ရှည်စေလို …. မြနန္ဒာ ရေညိုသန်းတယ် … မန်း ..တောင်ရိပ်၊ မန်း …တောင်ရိပ်ခို ….။

– (ပေါ်ပေါ် ထင်ထင်နဲ့ တန်ခိုးကြီးသည့် မန္တလာအဝေး ပြည်ဗဟို၊ ပျော်ပျော်ရွှင်ရွှင်နဲ့ အမျိုးသမီးများ ထံတျာ တေးကိုဆို)၂ ဆိုကြပါသကို ကိုကိုက လာမကြို၊ သည်မိုး သည်မိုးဒေဝါ၊ မိုးသည့် မိုးဒေ .. ဝါဝါ စိုစို .. ပြာပြာညိုညို .. ငွေလ စန္ဒာ လျှမ်းသလို ရွှေမြနန္ဒာ သန်းတယ် .. မန္တလေးက ဆိုသော တေးသံချို
-ရွှေနန္ဒာ မြရည်က ညိုညို သုံးလေပါတော့ မယ်မဒီပျို မန္တလေးမြို့ တောင်ရိပ်ခိုမယ် ကိုကိုရယ်၊ စိန်ပါတီလာရင် မောင်တို့ကြို စိတ်ရွှင်လန်း …ရောင်ရွှင်စိုစို ၊ဘေးမသန်းဘဲ အေးအေးချမ်းချမ်း တေးအဆန်းကိုဆို၊
– (တို့မန္တလေး မြို့ကြီးရဲ့ ပတ်လည်တခို မှိုင်းပြာပြာ မှုန်ဝေဝေ ရေဇလာနဒီမြစ်ညို)၂ ဧရာဝတီက အလျှံဝင်းပြောင် ညီးတဲ့ ရန်ကင်းတောင်ကြီး အမြဲခို၊ ဆရာကို နန်းတော်ရှေ့ တစ်ခါ ရှေ့ခေါင်းဆောင်ပဲ ဗမာရွှေဒေါင်းတောင်တွေ ကိုင်ကာဆို၊ တကယ်ခေတ်ပြောင်းတော့မယ်၊ အမှန်ဧဝကံမ၊ တဖန် ရွှေမြနန္ဒာ သန်းသော မန်းရိပ်ခို၊
– စည်မျက်နှာ ကဲ့သို့ ညီညာပါပေသကို၊ ဪ … မြို့တော်ကြီးရဲ့ လေးမျက်နှာမှာဖြင့် တိမ်ပန်းတိမ်ညို သာယာရွှေပြည်ဗဟို၊ ဗာရာဏသီပြည်လို၊ မြန်းကြမြေကို ဆန်းရရွှေဗဟို၊ မြနန္ဒာရေညို သန်း .. မန်းရိပ်ခို ..။
– တို့မန်းလေး မြို့ကြီးရဲ့ ပတ်လည်တခို မှိုင်းပြာပြာ မှုန်ဝေဝေ ရေဇလာနဒီမြစ်ညို ဧရာဝတီက အလျှံဝင်းပြောင် ညီးတဲ့ ရန်ကင်းတောင်ကြီး အမြဲခို၊ ဆရာ ကိုနန်းတော်ရှေ့၊ တစ်ခါရှေ့ခေါင်းဆောင်ပဲ၊ ဗမာရွှေဒေါင်းတောင်တွေ၊ ကိုင်ကာဆို၊ တကယ်ခေတ်ပြောင်းတော့မယ် အမှန်ဧဝကံမ၊ တဖန် ရွှေမြနန္ဒာ သန်းသော မန်းရိပ်ခို။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW