ရန်ကုန်က Ye Min Aung Money Changer ဓားပြတိုက်ခံရပြီး ငွေရာနဲ့ချီပါသွား

နိုဝင်ဘာ ၁၂-၂၀၂၂
GG (VOM)

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူလမ်းပေါ် ၊ သိမ်ဖြူစာတိုက်မှတ်တိုင်အနီးက Ye Min Aung Money Changer နိုင်ငံခြားငွေလဲလှယ်ရေး ဝန်ဆောင်မှုလုပ်ငန်းဟာ ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့က ဓားပြတိုက်ခံရပြီး ငွေသိန်းရာနဲ့ချီပါသွားတယ်လို့ သိရပါတယ်။

အိမ်စီးကား နဲ့အမျိုးသား ၄ ယောက် ရောက်လာပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ လုယက်သွားတာဖြစ်တယ်လို့သိရပါတယ်။

“ဆိုင်ခန်းက မြေညီထပ်မှာဖွင့်ထားတာ။ဖြစ်တာက ၄ နာရီလောက်မှာ ၊ သူတို့က ဆိုင်ထဲ အရင်ဝင်လေ့လာပြီးမှလာတဲ့ပုံ၊ ဘာလို့ဆို့ ဒီနေ့ ဆိုင်ထဲမှာ အမျိုးသမီးသုံးယောက်နဲ့ မာမူကြီးတယောက်ပဲရှိတယ်၊
အရင်ကဆို ယောကျာ်းလေးတွေ ရှိတယ် ။ ပိုက်ဆံကတော့ ဆာလာအိတ်နဲ့တဝက်ပါသွားတာ ၃၀၀ လောက်လို့ ပြောကြတယ် ၊ လူက ၄ ယောက် ၊သေနတ်လည်းပါတယ် “လို့ ရပ်ကွက်ဒေသခံ တဦးကပြောပါတယ်။

money changer ဓားပြတိုက်ခံရပြီးနောက် စစ်တပ်နဲ့ရဲ ရောက်လာပြီး စစ်ဆေးမှုတွေလုပ်ကာ ဓားပြတိုက်သူတွေကို လက်ရှိမှာ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ရန်ကုန်၊ လမ်းမတော်မြို့ နယ်ထဲက Farmer Money Changer နဲ့ Wave Money ငွေလွှဲလုပ်ငန်း ၂ ခုလည်း ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၆၀၀ အထက် ပါသွားမှုရှိခဲ့ပါတယ်။

ရန်ကုန် အပါအဝင် ကျန်တဲ့ တိုင်းဒေသကြီး နဲ့ပြည်နယ်တွေမှာလည်း ရွှေဆိုင် ဓားပြတိုက်တာတွေ၊ နေအိမ်အတွင်း ဝင်ရောက်လုယက် သတ်ဖြတ်တာတွေ၊ လမ်းမပေါ်က ခရီးသွားပြည်သူတွေကို လုယက်သတ်ဖြတ်တာတွေ ဖြစ်ပေါ်နေပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ရန်ကုန် #ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW