ဝန်းသိုမြို့မှာ မြို့နယ် မီးသတ်ဦးစီးမှူး အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦး ပျောက်ဆုံးနေ

နိုဝင်ဘာ ၊ ၁၂၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့ ၊ မြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်ဦးစီးမှူး အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦးဟာ နိုဝင်ဘာ ၁၀ ရက် ညပိုင်းကတည်းက ပျောက်ဆုံးနေတယ်လို့ ဝန်းသိုမြို့ခံတွေဆီက သိရပါတယ်။

” ၁၀ ရက်နေ့ည ၁၁ နာရီကျော် ဝန်းကျင်က မီးသတ်စခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်လာပြီး မီးသတ်တပ်ဖွဲ့ဝင်တွေကို ဖမ်းခေါ်သွားတာဖြစ်တယ် ၊ တစခန်းလုံး ပါသွားတာလို့ ပြောလို့ရတယ် ၊ ဒီမနက်အထိတော့ ဆက်သွယ်လို့ မရသေးဘူး ၊ သူတို့ မိသားစုတွေကလည်း အရမ်းစိုးရိမ်နေကြတယ် ” လို့ ဝန်းသိုမြို့ခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကောလင်းခရိုင်လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” မီးသတ်တပ်ဖွဲ့ဆိုတာ သဘာဝဘေးအန္တရာယ်တွေ ကာကွယ်ထိန်းချုပ်ပေးရတဲ့ ပရဟိတသမားတွေဖြစ်တယ် ၊ သဘာဝဘေးကျရောက်တဲ့အခါ ရှာဖွေကယ်ဆယ်ရေးနဲ့ ကူညီပေးရေးတွေကို လုပ်ရတာပါ ၊ အဲ့ဒီလို လုပ်ဆောင်ပေးရတဲ့ တပ်ဖွဲ့ဝင် ၁၁ ဦးကို အမည်မသိသူတွေက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ် ၊ အခု ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက တန့်ဆည်မြို့နယ် မီးသတ်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မီးသတ် တပ်ကြပ် ၁ ယောက်နဲ့ ဒုတပ်ကြပ် ၁ ယောက်တို့ဟာ နေအိမ်ပြောင်းရွှေ့သူကို သွားရောက်ကူညီပေးရင်း ရေဦးမြို့နယ်ထဲမှာ အသတ်ခံရတာ ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် အောက်တိုဘာကလည်း ယင်းမာပင်ခရိုင် မီးသတ်ရုံးက မီးသတ် ၃ ယောက်ဟာ လူနာသွားခေါ်ပြီး အပြန်လမ်းမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က ကယ်ဆယ်ရေး ယာဥ်နဲ့အတူ လူနာအပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်တာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ယင်းမာပင်

Related posts

Leave a Comment

VOM News

FREE
VIEW