ကောလင်းမြို့နယ်တရားသူကြီး ပါဆယ်ဗုံးပေါက်ကွဲလို့ သေဆုံး

နိုဝင်ဘာ ၊ ၁၁ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့ ၊ မြို့နယ်တရားရုံးရှေ့မှာ ဒီကနေ့ မနက်ပိုင်းက ပါဆယ်ဗုံး ပေါက်ကွဲပြီး မြိုနယ်တရားသူကြီး တယောက် ထိမှန်သေဆုံးခဲ့တယ်လို့ စစ်ကိုင်းတိုင်း တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” တရားရုံးပေါက်ရှေ့မှာ ဆရာ့နာမည်နဲ့ ခြင်းကြီးတစ်လုံးလာချထားတာကို တွေ့ရတယ် ၊ အဲ့ဒါကြောင့် မသင်္ကာတဲ့အတွက် သက်ဆိုင်ရာကို လာရောက်ရှင်းလင်းပေးဖို့ အကြောင်းကြားထားတယ် ၊ သက်ဆိုင်ရာက ရောက်မလာခင် အဲ့ဒီ ခြင်းကြီးက ထပြီးပေါက်ကွဲတယ် ၊ ဆရာရဲ့ တရားခွင်နဲ့ တည့်တည့်နေရာဆိုတော့ ဆရာ့ကိုလာမှန်ပြီး ဆရာသေဆုံးသွားတာဖြစ်တယ် ” လို့ တရားလွှတ်တော် ရှေ့နေတယောက်က ပြောပါတယ်။

အဲ့ဒီ ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် ကောလင်းမြို့နယ် ဒုတိယတရားသူကြီး ဦးဘရန်ဆိုင် (အသက် ၃၀နှစ် ဝန်းကျင်)ဟာ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” သေဆုံးသွားတဲ့ တရားသူကြီးက အနေရိုးပြီး သဘောကောင်းတယ် ၊ အခုလို ပါဆယ်ဗုံးထောင်ပြီး လုပ်ကြံတာဟာ CDM မလုပ်တာကြောင့် ဖြစ်နိုင်တယ်လို့ ဝေဖန်ပြောဆိုနေကြတာတွေ ရှိတယ် “လို့ ကောလင်းမြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ကောလင်းမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ကောလင်းမြို့မှာ ဌာနဆိုင်ရာ အဆောက်ဦးတွေ လက်နက်ကြီးနဲ့ ထုခံရတာ အကြိမ်ကြိမ်ရှိခဲ့ပေမယ့် ပါဆယ်ဗုံးပို့ ပေါက်ကွဲပြီးသေဆုံးတာဟာ ပထမဆုံးကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကောလင်း #တရားသူကြီး #ပါဆယ်ဗုံးပေါက်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW