မုံရွာ – မန္တလေးကားလမ်းမှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၁ ဦးသေဆုံး ၊ ၂ ဦး ဒဏ်ရာရ

 

နိုဝင်ဘာ ၊ ၁၂ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ မအူကျေးရွာအနီး မုံရွာ – မန္တလေး ကားလမ်းမှာ ဒီကနေ့ ၊ နေ့လယ်ပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပွားပြီး လူသေဆုံး ၊ ဒဏ်ရာရတာတွေဖြစ်ခဲ့တယ်လို့ မုံရွာမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မအူကျေးရွာနားက မုံရွာ မန္တလေး ကားလမ်း ၊ လမ်းရဲ့ယာဘက်ခြမ်းကနေ ပေါက်ကွဲတာပါ ၊ ဆိုင်ကယ်စီးလာတဲ့ မိသားစု ၃ ယောက်ထဲက အမျိုးသားဖြစ်သူက နေရာမှာတင်သေတယ် ၊ ကျန် အမျိုးသမီး တယောက်နဲ့ အသက် ၂ နှစ်အရွယ် ကလေးတယောက်က ပြင်းထန်ဒဏ်ရာရတယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” မုံရွာမြို့ ၊ ထန်းတော ကျွန်းဆွယ်ရပ်ကွက်မှာနေတဲ့ ကိုကျော်သီဦး အသက် ၃၇ နှစ် ၊ သူ့မိန်းမ မဇာခြည်မြင့် ၊ သူ့သမီး မပိုးဟေမာန်ကျော် ၂ နှစ် နဲ့ ၃ လတို့ဟာ ဆိုင်ကယ်စီးပြီး မိုးညှင်းကျေးရွာက မယ်သီလကျောင်းကို အသွား မအူကျေးရွာနားမှာ ပေါက်ကွဲမှုနဲ့ကြုံပြီး ကိုကျော်သီဦးဆိုသူက မိုင်းစထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ် ၊ ကျန်တဲ့ သူ့မိန်းမနဲ့ ကလေးက ပြင်းထန်ဒဏ်ရာရခဲ့တာဖြစ်တယ် ၊ နယ်မြေရှင်းလင်းရေးနဲ့ မိုင်းရှင်းလင်းရေးတွေ လုပ်နေပါတယ် “လို့ ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အကြား မုံရွာ-မန္တလေး ကားလမ်းမှာ ထောင်ထားတဲ့ လက်လုပ်မိုင်း အလုံး ၅၀ ကျော်ကို ရှင်းလင်းခဲ့ရသေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်ကာလအတွင်း မုံရွာမြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်အကြား မုံရွာ-မန္တလေးကားလမ်းမှာ မိုင်းပေါက်ကွဲတဲ့ ဖြစ်စဥ်တွေကြောင့် ခရီးသည် ၈၀ ကျော် မိုင်းစထိမှန် ဒဏ်ရာရခဲ့ပြီး ၃၀ ကျော် သေဆုံးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW