မြိုင်မြို့နယ်မှာ ယာခင်းထဲက လူတွေ ပစ်သတ်ခံရလို့ ၄ ဦးသေဆုံး ၊ ၂ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၊ ၁၃ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ သရက်ကန်ကျေးရွာနားက ယာခင်းတောမှာ မြေပဲနုတ်နေတဲ့တွေကို မနေ့ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက အမည်မသိ လက်နက်ကိုင်ထားသူတွေက ပစ်ခတ်တာကြောင့် သေဆုံး ၊ ဒဏ်ရာရတာတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” သရက်ကန်ရွာနားက ယာခင်းတောထဲမှာ မနေ့က မနက်ပိုင်း ၉ နာရီဝန်းကျင်က ဖြစ်ခဲ့တာပါ ၊ သေနတ်ကိုင်ထားတဲ့ အမည်မသိ အဖွဲ့ တဖွဲ့ရောက်လာပြီး မြေပဲနုတ်နေတဲ့ တောင်သူတွေကို ပစ်သတ်သွားတာဖြစ်တယ် ၊ ဦးခင်မောင်အေး၊ ဒေါ်လဲ့လဲ့ဌေး၊ ဒေါ်မြိုင်ဌေး၊ နဲ့ ဒေါ်ခင်ချိုမော်တို့ ၄ ဦးဟာ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ နေရာမှာတင် သေဆုံးသွားတယ် ၊ ဦးကြည်ဌေးနဲ့ ဒေါ်သင်းသင်းလှိုင်တို့ ၂ ဦးကတော့ ပြင်းထန်ဒဏ်ရာရတယ် “လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့ဝင် ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီလို ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ဘာကြောင့် ပြုလုပ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

အဲ့ဒီ ကိစ္စနဲ့ ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ပစ်သတ်ခံရတဲ့ သူတွေက တောင်သူတွေဖြစ်ပြီး နိုင်ငံရေး အရောင်အသွေး ရှိကြတာမဟုတ်ဘူး ၊ သူတို့ ဘာကြောင့် အသတ်ခံရတယ်ဆိုတာနဲ့ ပြစ်မှုကျူးလွန်သူတွေကို အမှုဖွင့် စုံစမ်းနေပါတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရေစကြိုမြို့နယ် နဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွေဘက်မှာလည်း အခုလို ယာခင်းတောထဲမှာ ပစ်သတ်ခံရတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မြိုင်

Related posts

Leave a Comment

VOM News

FREE
VIEW