နျူကလီးယားစမ်းသပ်ရင် မြောက်ကိုရီးယားကို ပြတ်ပြတ်သားသားတုံ့ပြန်မယ်လို့ အမေရိကန်နဲ့ အာရှမဟာမိတ်တွေ သတိပေး

ဝါရှင်တန်၊ နို၀င်ဘာ-၁၄-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားရဲ့ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုတွေကို အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပြီး နျူကလီးယားစမ်းသပ်မှုပြုလုပ်မယ်ဆိုရင် ပြတ်ပြတ်သားသားတုံ့ပြန်မယ်လို့ နို၀င်ဘာ ၁၃ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဂျပန်၀န်ကြီးချုပ် ကီရှီဒါနဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်တို့ဟာ နို၀င်ဘာ ၁၃ ရက်ကကျင်းပတေဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြင်ပမှာ တွေ့ဆုံဆွေးနွေးပြီးနောက် အခုလို သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ယခုနှစ်အတွင်း မကြုံစဖူး ဒုံးကျည်အများအပြား ပစ်လွှတ်မှုတွေဟာ ကိုရီးယားကျွန်းဆွယ်အပြင် အခြားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ ခေါင်းဆောင်သုံးဦးက တိုက်တွန်းထားပြီး တကယ်လို့ နျူကလီးယား စမ်းသပ်မှုပြုလုပ်မယ်ဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ခိုင်မာပြတ်သားတဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နျူကလီးယားအရေးအပေါ် စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းကို ပြန်လာဖို့ မြောက်ကိုရီးယားကို တိုက်တွန်းထားပြီး ငြိမ်းချမ်းစွာ သံတမန်ရေးအရ ဖြေရှင်းဖို့ ရည်ရွယ်တဲ့ဆွေးနွေပွဲတွေအတွက် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: NHK
Photo:AFP
#voiceofmyanmar #vom #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW