မူဆယ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ပြည်သူစစ်အပါအဝင် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရ

နိုဝင်ဘာ ၁၄၊ ၂၀၂၂
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့ နေ့ခင်း ၁၁ နာရီခန့်က ဗုံးပေါက်ကွဲ မှု ဖြစ်ပွားပြီး လူ ၁၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။

“မင်္ဂလာမူဆယ်လမ်းမကြီး၊ မြစ်ရွှေလီ လမ်းမနဲ့ လင်းရောင်ခြည်လမ်းမကြား‌ တို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ၊ ၁၁ ဦး confirm တာ ဟုတ်တယ်။” လို့ နှလုံးလှ လူမှုကူညီရေးအသင်း တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။

အဲဒီပေါက်ကွဲမှုမှာ အသက် ၅ နှစ်အရွယ် ယောက်ျားကလေး ၁ ဦး အပါအဝင် အမျိုးသား ၈ ဦး နဲ့ အမျိုး သမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

“သုံးနေရာ ပေါက်တယ်။ ကားမှာရော ပေါက်တယ်။ ဆင်ဖြူဂိတ်ပေါက်ကနေ မင်္ဂလာ မူဆယ် သွားတဲ့လမ်းဘက်‌လေ။”လို့ ဒေသခံ ၁ ဦးက ရှင်းပြပါတယ်။

ထိခိုက် ဒဏ်ရာရတဲ့သူတွေထဲမှာ ပြည်သူ့စစ် ၅ ယောက်လောက်ပါပြီး ထိခိုက်ဒဏ်ရာရသူတွေကို နှလုံးလှ လူမှုကူညီရေးအသင်းမှ ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ အမျိုးသား ၁ ဦးကိုလည်း မန္တလေးသို့ ကူညီပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားရာ လမ်းမကြီးဘေးမှာရှိတဲ့ ဆိုင်ခန်းတချို့နဲ့ ရပ်ထားတဲ့ ကားတချို့လည်း အနည်းငယ် ထိခိုက်ပျက်စီးသွားတယ်လို့ ပြောပါတယ်။

မူဆယ်မြို့နယ်မှာတော့ တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ အများအပြားအပြင် ပြည်သူ့ လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ (PSDA), KIA, TNLA, MNDAA, SSPP/ SSA တို့ သွားလာလှုပ်ရှားရာ နယ်မြေဖြစ်ပြီး ၂၀၂၁ နောက်ပိုင်းကစ မြို့ပေါ်မှာလည်း မကြာခဏ ဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ သေဆုံး၊ ဒဏ်ရာရသူတွေ အများအပြား ရှိခဲ့တယ်လို့လည်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Photo Crd-နှလုံးလှ လူမှုကူညီရေးအသင်း
#voiceofmyanmar #VOM #မူဆယ် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW