ကော့သောင်းမှာ ယာဥ်ထိန်းရဲ တပ်ကြပ်ကြီး ၁ ဦး ပစ်သတ်ခံရ

နိုဝင်ဘာ ၊ ၁၅ ၊ ၂၀၂၂
SP(VOM)

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ကော့သောင်းယာဥ်ထိန်းရဲတပ်ဖွဲ့စုက ယာဥ်ထိန်းရဲ တပ်ကြပ်ကြီး တဦးဟာ မနေ့ နိုဝင်ဘာ ၁၄ ရက် ၊ ည ၉ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ယာဥ်ထိန်းရဲ အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မနေ့ကည ၈ နာရီ ၂၀ ဝန်းကျင်မှာ ဖြစ်ပွားတာပါ ၊ ဖြစ်ပွားတဲ့နေရာက ၊ ကော့သောင်းမြို့ ၊ ပိတောက်ရွှေဝါရပ်ကွက် ၊ ချမ်းမြှေ့ဆေးခန်းလမ်းမှာရှိတဲ့ နေအိမ်တခုထဲမှာ ပစ်သတ်ခံရတာပါ ၊ သူ့က လူမှုရေးကိစ္စနဲ့ပတ်သက်ပြီး နာမည်ထွက်နေတဲ့သူလို့ သိရတယ် ၊ ဘယ်အဖွဲ့အစည်းက ပစ်သတ်သွားတယ်ဆိုတာတော့ မသိရဘူး”လို့ ကော့သောင်းမြို့ခံ တယောက်က ပြောပါတယ်။

တနင်္သာရီတိုင်း ယာဥ်ထိန်းရဲတပ်ဖွဲ့ ၊ ဒုတပ်ဖွဲ့ခွဲမှူးရုံးနဲ့ နီးစပ်သူ တယောက်က ” ယာဥ်ထိန်းရဲ တပ်ကြပ်ကြီး ဆန်းမော်အောင် ဆိုသူက ရပ်ကွက်ထဲက အိမ်တခုမှာ အိမ်လည်သွားလာရင်း ပစ်ခံရတာပါ ၊ ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၅ ချက်ရတယ် ၊ ကော့သောင်းမြို့ ၊ ၁၃ မိုင် ၊ ကုတင် ၁၀၀ စစ်ဆေးရုံအရောက်မှာ ရရှိသေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ယာဥ်ထိန်းရဲ ပစ်သတ်ခံရတာနဲ့ ပတ်သက်လို့ ကော့သောင်းမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူကို စုံစမ်းဖော်ထုတ်နိုင်ဖို့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လပေါင်း၂၀ ကျော် ကာလအတွင်း စစ်ကိုင်းတိုင်း၊မုံရွာ ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးက ၁ ဦး ၊ ကသာယာဥ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးက ၂ ဦး ၊ ကလေး ယာဥ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးက ၁ ဦး ၊ ချင်းပြည်နယ် ၊ ဟားခါးမြို့ ၊ ဟားခါးယာဥ်ထိန်းဒုတပ်ဖွဲ့ခွဲရုံးက ၄ ဦး နဲ့ မန္တလေးတိုင်း ၊ မြင်းခြံ ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးက ၁ ဦးတို့လည်း ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ကော့သောင်း

Related posts

Leave a Comment

VOM News

FREE
VIEW