နယ်မြေလုံခြုံမှုမရှိတဲ့အချိန် ခရီးသွား နေရာအသစ်တွေ ဖော်ဆောင်နေခြင်းက ဟန်ပြလုပ်ရပ်သာဖြစ်

နိုဝင်ဘာ ၁၆ – ၂၀၂၂
SN (VOM)

နယ်မြေလုံခြုံမှုမရှိတဲ့အချိန် ခရီးသွားနေရာသစ်တွေ ဖော်ဆောင်နေခြင်းက နစကရဲ့ ဟန်ပြလုပ်ရပ်သာဖြစ်တယ်လို့ နိုင်ငံအရေး သုံးသပ်သူတချို့က ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ဒါးပိန်ပန်းပုကျေးရွာကို ခရီးသွားနေရာသစ်အဖြစ် ဖော်ဆောင်ဖို့ စီစဉ်နေသလို ကျောက်ဖြစ်ရုပ်ကြွင်းတွေရှိတဲ့ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်က သံဘိုရွာကို ပုဂံဒေသနဲ့ တဆက်တည်းသွားနိုင်မယ့် ခရီးစဉ်အဖြစ် ဖော်ဆောင်နိုင်ဖို့ ပြင်ဆင်လျက်ရှိပြီး အခြားနေရာတွေကိုလည်း ခရီးစဉ်သစ်တွေ ဆက်လက်‌ဖော်ဆောင်ဖို့ရှိတယ်လို့ သိရပါတယ်။

“အခုအခြေနေနဲ့ စိတ်အေးလက်အေး ဘယ်သူမှမသွားနိုင်ဘူး။ တချို့ အပျော်သက်သက်မဟုတ်ဘဲ အခုအချိန် ခရီးထွက်နေတယ်ဆိုတာတောင် ဒီအချိန်မှာ မလွှဲသာလို့ သွားနေကြရတာ။ အပျော်ခရီးကတော့ တော်ရုံ ဘယ်သူမှ မသွားရဲကြဘူး။ နယ်မြေ လုံခြုံမှုမရှိဘူး၊ ဘယ်နေရာမှ မအေးချမ်းဘူးလေ။ အပျော်ခရီးသွားကြတယ်ဆိုတာလည်း လူနည်းစုလောက်ပဲ။ ခရီးသွားနေရာသစ်တွေ ဖော်ဆောင်နေတယ်ဆိုတာကလည်း ရုပ်ပြသက်သက်၊ သူတို့လက်ပါးစေတွေရဲ့ဟန်ပြလုပ်ရပ်ပါပဲ” လို့ နိုင်ငံ့အရေး လေ့လာသုံးသပ်သူတဦးက ပြောပါတယ်။

ဒီနှစ်ခရီးသွားရာသီမှာ ပြည်တွင်း ခရီးသွားလုပ်ငန်းတွေ ပြန်စနိုင်မယ်လို့ သက်ဆိုင်ရာအဖွဲ့က ပြောဆိုမှုတွေရှိခဲ့ပေမယ့် ခရီးသွားလာမှု အခြေအ‌နေကတော့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် အခုအချိန်အထိ ထင်သလောက် ခရီးမပေါက်နိုင်သေးပါဘူး။

“ဘယ်သူမဆို ခရီးသွားအများစုက၊ ပျော်ချင်လို့၊ဗဟုသုတရချင်လို့၊ ကိုယ်မရောက်ဘူးတဲ့နေရာတွေမို့သွားကြတာ၊ သွားရင်လည်း ဘယ်သူမဆို အနားယူ၊ အပန်း‌ဖြေတဲ့သ‌‌ဘောမျိုး စိတ်အေးလက်အေးပဲ သွားချင်ကြတာလေ။ အခုက လမ်းမှာဘာဖြစ်မလဲ စိုးရိမ်စိတ်တွေနဲ့ဆိုတော့ မသွားရဲ၊ မလာရဲကြဘူး။ ဒီလိုအချိန်မျိုးမှာမှ ခရီးသွားနေရာအသစ်တွေ ဖော်ဆောင်နေတာက အဓိပ္ပယ်မရှိတဲ့လုပ်ရပ်ပဲ။ ခရီးသွားနေရာသစ်တွေ ဖော်ဆောင်ချင်ရင် အရင်ဆုံး နယ်မြေအေးချမ်းအောင်လုပ်၊ နယ်မြေမအေးချမ်းသေးရင် ဒီအချိန်မှာ ဘာမှမလုပ်ဘဲ‌နေတာ အကောင်းဆုံးပဲ” လို့ သူက ပြောပါတယ်။

ခရီးသွားနေရာသစ်တွေ အခုလို ဖော်ဆောင်နေခြင်းက နိုင်ငံအပြောင်းအလဲဖြစ်ချိန်အတွက် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ထားခြင်းသာဖြစ်ပြီး ဒေသစီးပွားရေး ကွယ်ပျောက်မှုတွေကို ကာကွယ်တဲ့ သဘောသာ ဖြစ်တယ်လို့ ခရီးသွားလုပ်ငန်ရှင်တဦးက ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ အခုလို ခရီးသွားနေရာသစ်တွေ ဖော်ဆောင်တယ်ဆိုတာကလည်း ကြိုတင်ပြင်ဆင်ထားတဲ့သဘောပါ၊ နောက် ၃ ၊ ၄ နှစ်အတွင်း တချို့ ပြောင်းလဲမှုတွေရှိလာရင် အဆင်ပြေသွားနိုင်မှာပါ။ လက်ရှိ ခရီးသွားလုပ်ငန်းကတော့ လုံခြုံရေးအခြေနေတွေကြောင့် ထိခိုက်မှုတွေရှိနေပါတယ်။ မလုံခြုံမှုတွေက တနိုင်ငံလုံနီးပါးဖြစ်နေတဲ့အတွက် ထူးထူးခြားခြားမပြောလိုတော့ပါဘူး”လို့ သူက ပြောပါတယ်။

ပြည်တွင်း ခရီးသွားကဏ္ဍဟာ အခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ ပစ်ခတ်မှုဖြစ်စဥ်​ကြောင့် ပိုပြီးအထိနာစရာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း ပြည်ပခရီးသွားဝင်ရောက်မှုဟာ လက်ရှိမှာ သုညရာခိုင်းနှုန်းသာရှိပြီး ပြည်တွင်း ပဋိပက္ခအခြေအနေတွေကြောင့် ခရီးစဥ်ရေးဆွဲရာမှာလည်း အခက်ခဲတွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ခရီးသွားကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW