ပျုစောထီးခေါင်းဆောင် ပစ်ခတ်ခံရတဲ့ဖြစ်စဥ်အတွင်း ဖမ်းခံရသူ ၃၀ ကျော်ထဲက ဆရာဝန်အပါအဝင် ၂ ဦး အမှုဖွင့်ခံရပြီး ကျန်သူတွေပြန်လွတ်လာ

နိုဝင်ဘာ၊ ၁၆-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း ၊ ကျိုက်လတ်မြို့မှာ ပျူစောထီး ခေါင်းဆောင် သေနတ်နဲ့ အပစ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဖမ်းခံခဲ့ရတဲ့သူ ၃၀ ကျော်ထဲက ဆရာဝန် ၁ ယောက် အပါအဝင် ၂ ယောက် အမှုဖွင့်ခံရပြီး ကျန်သူတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ပျူစောထီးခေါင်းဆောင် ခေါလေး ဆိုသူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က ကျိုက်လတ်မြို့၊ ၂၃ ကဆည်းစိမ် ရှင်စားသောက်ဆိုင် အနီးမှာအမည်မသိတဲ့ သေနတ်သမားတွေကပစ်ခတ်ခံခဲ့ရ တာဖြစ်ပါတယ်။

ပျူစောထီးခေါင်းဆောင် ခေါလေး ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၄ ရက်အထိ ဆရာဝန် ၁ယောက် ၊ တက္ကသိုလ် ကျောင်းသူ ၂ ယောက် အပါအဝင်လူ ၃၀ ကျော်ကိုသက်ဆိုင်ရာက ဖမ်းဆီးခဲ့ တာဖြစ်ပြီး အဖမ်းခံရတဲ့သူတွေထဲက အသက် ၆၀ ကျော် အရွယ် ဆရာဝန် စောထွန်းနိုင်နဲ့ အောင်မိုးဆိုသူတို့ ၂ ယောက်ကို ပုဒ်မ ၅၀၅- က နဲ့ မနေ့ နိုဝင်ဘာ ၁၅ ရက်က အမှုဖွင့်လိုက်ပြီး ကျန်တဲ့ သူတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

”ခေါလေး အပစ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ရက်ပိုင်းအတွင်းမှာ အဖမ်းခံရတာ ၃၀ ကျော်ရှိတယ် ၊မနေ့က ဒေါက်တာစော ထွန်းနိုင်နဲ့ ကိုအောင်မိုးတို့ ကို အမှုဖွင့်ပြီး ဆက်ဖမ်းထားတယ် ၊ အမျိုးသမီးတွေနဲ့ တချို့ကို ပြန် လွှတ်ပေးခဲ့တယ် ၊ ဘာလို့ အသက် ၆၀ ကျော် ဒေါက်တာစောထွန်းနိုင်နဲ့ အခြားသူ ၁ ယောက်ကို ဆက်ဖမ်းထားပြီး အမှုဖွင့်ထားတာလည်းဆိုတာ နားမလည်တော့ဘူး ၊ ပြန်လွတ်လာသူ တွေက ခံဝန်ထိုးရတာလည်း ရှိတယ် ၊ ပိုက်ဆံပေးရတာလည်း ရှိတယ်တဲ့ ၊ ဆရာကြီးက ဘာမှလည်း လုပ်သူမဟုတ်ပါဘူး ၊ လူသတ်မဲ့အနေအထား လည်းမရှိဘူး”လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

လက်ရှိ ပြန်လွှတ်ပေးလိုက်သူတွေကို ခံဝန်ထိုးလွှတ်ပေးလိုက်သူတွေ ရှိသလို ပိုက်ဆံ ကုန်ကျပြီးမှ ပြန်လွတ်လာသူတွေလည်းရှိတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ကျိုက်လတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွေ စတင်ဖြစ်ပေါ်ခဲ့တဲ့ ဖေဖော်ဝါရီလကနေ အခုနှစ် နိုဝင်ဘာလ ဒုတိယ အပတ်အထိ အကြောင်းအမျိုးမျိုးနဲ့ အဖမ်းခံရသူ အယောက် ၁၀၀ ကျော်ရှိပြီး အယောက် ၃၀ ကျော်မှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျိုက်လတ်

Related posts

Leave a Comment

VOM News

FREE
VIEW