ဆောမြို့နယ်က လက်ပန်းကျေးရွာနဲ့ ပဆုတ်ကျေးရွာတွေမှာ လူနေအိမ် နှစ်ရာကျော် မီးရှို့ခံရ

နိုဝင်ဘာ ၊ ၁၇ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ် ၊ လက်ပန်းကျေးရွာနဲ့ ပဆုတ်ကျေးရွာတွေက လူနေအိမ် နှစ်ရာကျော်ဟာ နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်က မီးရှို့ဖျက်ဆီးခံရတယ်လို့ ဆောမြို့ခံတွေဆီက သိရပါတယ်။

” ၁၅ ရက်နေ့ မနက်ပိုင်းမှာ ကျောက်ထုမြို့နယ် ၊ ပေါက်ခေါင်း ၊ ခရိုင်တောင် အဲ့ဒီဘက်ကနေ ဆောမြို့နယ် လက်ပန်းရွာနဲ့ ပဆုတ်ရွာဘက်ကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ ဝင်ရောက်လာတယ် ၊ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ ပစ်ခတ်တာတွေဖြစ်ပွားတယ် ၊ အဲ့ဒီအချိန်မှာ ရွာက လူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကုန်ကြတယ် ၊ မနက် ၁၀ နာရီဝန်းကျင်မှာ လက်ပန်းရွာဘက်မှာ မီးစတင်လောင်တယ် ၊ ပြေးနေရတာဆိုတော့ မီးကို ဘယ်သူရှို့တယ်ဆိုတာ မပြောနိုင်ဘူး ၊ အဲ့ဒီကနေ ညနေ ၃ နာရီဝန်းကျင်မှာ ပဆုတ်ရွာဘက်မှာ မီးထပ်လောင်တယ် ၊ ကနဦး သိရတာက အဲ့ဒီ ၂ ရွာပေါင်းရင် အိမ်ခြေ နှစ်ရာကျော်တယ် ” လို့ ဆောမြို့ခံ လူမှုကူညီရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။

အဲ့ဒီအပြင် ရွာခံလူ ၅ ယောက်လည်း ပျောက်ဆုံးပြီး ပျောက်ဆုံးနေတဲ့ လူ ၅ ယောက်ဟာ အဖမ်းခံရတာလား ၊ မီးလောင်တဲ့အထဲပါသွားတာလား ၊ ထွက်ပြေးတိမ်းရှောင်ရင်း အသတ်ခံရတာလားဆိုတာ ဒေသခံတွေက အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

ဒါ့အပြင် လက်ပန်းရွာ နဲ့ ပဆုတ်ရွာ လူနေအိမ် မီးလောင်ပျက်စီးတာလို့ သိရပေမယ့် အဲ့ဒီ မီးကို ဘယ်သူတွေကရှို့တယ်ဆိုတာ VOM က အတည်မပြုနိုင်သေးပါဘူး။

ဂန့်ဂေါခရိုင်ထဲက ဂန့်ဂေါမြို့နယ် ၊ လက်ပန် ၊ ထယ်လှော် ၊ မောက် ၊ ရဲလှ ၊ နှမ်းခါး ၊ မြင်သား ၊ မြောက်ခရမ်း ၊ ဟံသာဝတီ စတဲ့ ကျေးရွာတွေနဲ့ ထီးလင်းမြို့နယ်ထဲက ကျေးရွာတချို့ အပါအဝင် ဆောမြို့နယ်က အခုဖြစ်ပွားတဲ့ မီးလောင်တာနဲ့ဆိုရင် ဂန့်ဂေါ ခရိုင်ထဲမှာ လပေါင်း ၂၀ ကျော် ကာလအတွင်း လူနေအိမ်နဲ့ အခြားအဆောက်အတေတွေ မီးရှို့ခံရတာဟာ တစ်ထောင်ကျော်သွားပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဆော

Related posts

Leave a Comment

VOM News

FREE
VIEW