ဂါဇာဒေသရှိ ဒုက္ခသည်စခန်းမှာ ကလေးငယ်တွေအပါအ၀င် ၂၁ ဦး မီလောင်သေဆုံး

ဂါဇာစီးတီး၊ နို၀င်ဘာ-၁၈-၂၀၂၂
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသရှိ လူဦးရေထူထပ်တဲ့ ဒုက္ခသည်စခန်းတခုမှာ နို၀င်ဘာ ၁၇ ရက်က ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုကြောင့် ကလေးငယ် ၁၀ ဦးအပါအ၀င် ၂၁ ဦးထက်မနည်း မီးလောင်သေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ဂျာဘာလီယာဒုက္ခသည်စခန်း မီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာဖွယ်ရှိကြောင်း ဒေသတွင်းဆေးရုံမှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာဆာလာအဘူလီယာလာက ပြောပါတယ်။

ဂျာဘာလီယာဒုက္ခသည်စခန်းဟာ ဂါဇာဒေသရှိ ဒုက္ခသည်စခန်းရှစ်ခုအနက်မှ တခုဖြစ်ပြီး မီးဖိုချောင်သုံးဓါတ်ငွေ့ယိုစိမ့်မှုကြောင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း လုံခြုံရေးတာ၀န်ရှိသူတဦးက ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ ကြေကွဲ၀မ်းနည်းဖွယ်ဖြစ်ကြောင်း အနောက်ဘက်ကမ်းအခြေစိုက် ပါလက်စတိုင်းသမ္မတ မာမွတ်အဘစ်က ထုတ်ဖော်ပြောဆိုထားပြီး နို၀င်ဘာ ၁၈ ရက်ကို ၀မ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် ကြေညာခဲ့ပါတယ်။

အစ္စရေးကာကွယ်ရေး၀န်ကြီး ဘန်နီဂန့်ဇ်က သူ့ရဲ့တပ်ဖွဲ့၀င်တွေဟာ လူသားချင်းစာနာထောက်ထားမှုအဖြစ် ဒဏ်ရာရရှိသူတွေကို အစ္စရေးဆေးရုံတွေကို ရွှေ့ပြောင်းကုသရာမှာ ကူညီသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဂါဇာစီးတီး

Related posts

Leave a Comment

VOM News

FREE
VIEW