မွေးမြူရေးအစာတွေ စျေးတက်တာကြောင့် တနိုင်တပိုင်မွေးမြူသူတွေ အခက်အခဲဖြစ်နေ

နိုဝင်ဘာ ၂၀-၂၀၂၂
GG(VOM)

ဝက် အပါအဝင် ကြက် ၊ ဘဲ ၊ ငါး အပါအဝင် မွေးမြူရေးအစာအစာတွေ စျေးနူန်းမြင့်တက်လာတာကြောင့် တနိုင်တပိုင်မွေးမြူရေးလုပ်ကိုင်သူတွေ အခက်အခဲဖြစ်နေ​ကြရတယ်လို့သိရပါတယ်။

ကုမ္ပဏီကထုတ်တဲ့ မွေးမြူရေးအစာစျေးနူန်းတွေကသာ တက်နေပြီး မွေးမြူရေးလုပ်ကိုင်သူတွေက ဝက် ၊ ကြက် ၊ ဘဲတွေကို ပြန်လည်ရောင်းချတဲ့အခါမှာတော့ ဝယ်ရောင်းလုပ်ကိုင်တဲ့ အဝယ်ပွဲစားဆိုသူတွေက ခြံဖမ်းစျေးကို စျေးနှိမ်တာကြောင့် အရှုံးနဲ့ရင်ဆိုင်ရတာရှိနေပါတယ်။

ဒါ့အပြင် ဝက်ခြံတွေမှာ ဝက်တွေနာတာကြောင့် ဝက်​ြခံအုပ်လိုက်သေဆုံးတာတွေ၊ တနိုင်တပိုင်မွေးမြူရေးလုပ်သူတွေ ခြံမှာလည်း ဝက်နာသေဆုံးတာတွေရှိနေပါတယ်။

” အခုဆို အစာစျေးက တလကို ၂ကြိမ်လောက်တက်နေတယ်။ အဲ့ဒီတော့ အရင်ကနဲ့ပြန်ကြည့်ရင် အစာအိတ် တအိတ်ကို ၅၀၀၀ လောက်တက်နေတယ်။ တလကို အစာအိတ် ၆အိတ်လောက် ကျနော်တို့ ဝက်ကျွေးရတယ်ဆိုရင် ၃၀၀၀၀ လောက်များသွားပြီ။ ဆေးဖိုးကရှိသေးတယ်။အစာစျေးတွေက အကုန်တက်နေတာ၊အဲ့ဒီအထဲမှာမှ ဝက်က တနိုင်တပိုင်လုပ်သူလည်းများတယ်၊အကြီးကျယ်မွေးသူလည်းများတယ်။ဝက်နာမိရင်တခြံလုံးအပြတ်ပဲ ၊ အစာစျေးကတက်ပြီး ကိုယ်ကပြန်ရောင်းတော့ စျေးကမရဘူး။မရလည်း အစာဖိုးမတတ်နိုင်တော့ ထုတ်ရောင်းရတာပါပဲ ၊ ကိုယ်က ဝက်ပေါက်ပြန်ဝယ်တော့ ရက် ၃၀သားကို ၁၂၀၀၀၀ အောက်ထစ်ပေးရတယ် ” လို့ ဝက်မွေးမြူရေးလုပ်ကိုင်နေသူတဦးကပြောပါတယ်။

လက်ရှိမှာ ကုမ္ပဏီကထုတ်လုပ်တဲ့ မွေးမြူရေးအစားအစာတွေဟာ 25kg တစ်အိတ်ကို အနည်းဆုံး ၄၀၀၀၀ ကျပ်နီးပါးကနေ ၇၀၀၀၀ ဝန်းကျင်အထိရှိနေကြောင်း၊ ဝက်အစာဆိုရင် တကောင်အတွက်ကုန်ကျစရိတ်က တလကို ပျှမ်းမျှ ၁ သိန်းလောက်ကုန်ကျကာ အများဆုံး ၄ လ ခွဲ မွေးမြူရပါတယ်။

အလားတူ CP ကြက်မွေးမြူရေးခြံတွေအနေနဲ့လည်း အစာစျေးတက်ပေမယ့် ကြက်တွေခြံဖမ်းစျေးကတော့ တက်မလာတာကြောင့် မွေးမြူရေးလုပ်ငန်းတွေမှာ အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။

” တပိုင်တနိုင်လေး ကြက်မွေးလိုက်တာ ကြက်တွေသေတာနဲ့ အစာစျေးမကိုက်တာနဲ့ ရင်းနှီးလိုက်တဲ့ငွေလေး ကုန်သွားတယ်။ နောက်ဆုံးမှာ ခြံအလွတ်ပဲကျန်ခဲ့တယ် “လို့ ကြက်မွေးမြူရေးလုပ်ကိုင်ခဲ့သူတဦးကပြောပြပါတယ်။

မွေးမြှူရေး အစားအစာရောင်းချနေတဲ့ ဆိုင်တာဝန်ရှိသူတွေကတော့ ဒေါ်လာစျေးအတက်အပေါ် မူတည်ကြောင်းနဲ့ ဝက်သားဒိုင်ကြီးတွေကတော့ အခွန်ခတွေတက်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဝက်၊ ကြက် တွေ ခြံဖမ်းစျေးနူန်းကသာ မြင့်တက်မလာပေမယ့် ပြည်သူတွေ ဝယ်ယူစားသောက်ရတဲ့အခါမှာတော့ ဝက်သား ၁ ပိဿာကို ၁၇၀၀၀ ကျပ်၊ CP ကြက်သား ၁ ပိဿာကို ၁၂၀၀၀ ကျပ်၊ ငါး ၁ ပိဿာကို ၁၂၀၀၀ ကျပ် ထိမြင့်တက်သွားပါတယ်။

#voiceofmyanmar #VOM #မွေးမြူရေးစျေးနူန်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW