ခင်ဦးမြို့နယ် ၊ မုံလှကျေးရွာနားမှာ တိုက်ပွဲဖြစ်ပြီးနောက် ရွာသား ၁၀ ယောက်ထက်မနည်း ပျောက်ဆုံးနေ

နိုဝင်ဘာ ၊ ၂၄ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ မုံလှကျေးရွာနားမှာ မနေ့ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက နစကစစ်ကြောင်းအဖွဲ့နဲ့ အမည်မသိ လက်နက်ကိုင်ထားသူတွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် မုံလှရွာခံ ရွာသား ၁၀ ယောက်ထက်မနည်း ပျောက်ဆုံးနေတယ်လို့ ခင်ဦးနယ်ခံတွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်း ၉ နာရီဝန်းကျင်က ရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ အဲ့ဒီတိုက်ပွဲဖြစ်ပြီးနောက် ရွာက လူငယ်တချို့အခုထိ ပျောက်ဆုံးနေတယ် ၊ အဖမ်းခံရတာလား ၊ ပြေးရင်းလွှားရင်း အသတ်ခံရတာလား ၊ မသိဘူး ၊ ပျောက်ဆုံးနေသူက ၁၀ ယောက်ကျော်တယ် ” လို့ မုံလှရွာခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ပျောက်ဆုံးသူ မုံလှရွာသား လူငယ်တွေထဲမှာ တချို့က စပါးခင်းတောကို သွားရင်းပျောက်ဆုံးနေတာဖြစ်ပြီး တိုက်ပွဲနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

မုံလှကျေးရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်တာနဲ့ ပတ်သက်လို့ ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က

” မနေ့ မုံလှရွာဘက်မှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းရောက်တဲ့အချိန် ထိတွေ့တိုက်ပွဲငယ် ဖြစ်ပွားတယ် ၊ အဲ့ဒီ တိုက်ပွဲမှာ တဘက်က အမျိုးသား ရုပ်အလောင်း ၅ လောင်းနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရတာရှိတယ် ၊ အမ်-၂၂ သေနတ် ၂ လက်၊ အမ်-၂၁ သေနတ် ၁ လက်၊ လက်လုပ် ၄၀ မမ သေနတ် ၃ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်တစ်တောင့်ထိုးသေနတ် ၃၄ လက်၊ လက်လုပ် ၄၀ မမ ဗုံးသီး ၂၇ လုံး၊ ကျည်ဆံများ၊ သံကျည်ကာဦးထုပ် ၁ လုံး သိမ်းဆည်ရမိတယ် ၊ စစ်ကြောင်းဘက်က ထိခိုက်ဒဏ်ရာရ သေဆုံးတာ မရှိဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ နိုဝင်ဘာ ၂၃ ရက် ၊ နေ့လည် ၁၂ နာရီဝန်းကျင်က ခင်ဦးမြို့နယ် ၊ ကန်သာယာ မြောက်ရွာနားမှာ လက်လုပ်သေနတ် ၁ လက် နဲ့ အိုင်ကွန်စကားပြောစက် ၁ လုံး ကိုင်ဆောင်ထားတဲ့ လူငယ် ၂ ယောက်ကို စစ်ဆေးခံဖို့ ရပ်တန့်ခိုင်းရာကနေ ရပ်မပေးလို့ဆိုပြီး စစ်ကြောင်းအဖွဲ့က အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် မနေ့က ၁ ရက်တည်းမှာတင် ခင်ဦးမြို့နယ်ထဲမှာ လူသေဆုံးသူ လူငယ် ၇ ဦး ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ သေဆုံးသူတွေထဲမှာ ပျောက်ဆုံးနေတဲ့ လူတွေ ပါတယ် ၊ မပါဘူးဆိုတာ VOM က အတည်ပြုနိုင်ခြင်း မရှိပါဘူး။

#voiceofmyanmar #VOM #ခင်ဦးမြို့နယ်

Related posts

Leave a Comment

VOM News

FREE
VIEW