ပခုက္ကူ အမှတ် ၁၄ ရပ်ကွက်မှာ ၁ နှစ်အတွင်း တက်လာတဲ့ အုပ်ချုပ်ရေးမှူး ၂ ဦးစလုံး ပစ်သတ်ခံရ

နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၁၄ ရပ်ကွက်မှာ ၁ နှစ်အတွင်း တက်လာတဲ့ အုပ်ချုပ်ရေးမှူး ၂ ဆက်စလုံးဟာ ပစ်သတ်ခံထားရတယ်လို့ ပခုက္ကူမြို့နယ် ထွေ /အုပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မနေ့ နိုဝင်ဘာ ၂၂ ရက် မနက် ၇ နာရီဝန်းကျင်က ပခုက္ကူ အမှတ် ၁၄ ရပ်ကွက် ၊ ဘုမ္မရပ် ၊ အောင်သီရိလမ်းမှာနေထိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း ဆိုသူဟာ အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ လာပြီး ပစ်သတ်သွားတယ် ၊ အဲ့ဒီ အမှတ် ၁၄ ရပ်ကွက်မှာ ဦးမြင့်သိန်းရဲ့ အရင် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဒေါ်မိုးမိုးသင်း ဆိုသူဟာလည်း မနှစ်က အမျိုးသား ၂ ယောက်က ပစ်သတ်သွားတယ် ၊ ၁၄ ရပ်ကွက်မှာ ၁ နှစ်အတွင်း တက်လာတဲ့ အုပ်ချုပ်ရေးမှူး ၂ ဆက်စလုံး ပစ်သတ်ခံရတာ”လို့ ပခုက္ကူ အမှတ် ၁၄ ရပ်ကွက်နေ ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့နယ် ထွေ/အုပ် အသိုင်းအဝိုင်းက ” အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုးသင်း ဆိုသူဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၉ ရက် ၊ ညနေပိုင်း ၂ နာရီဝန်းကျင်မှာ ပခုက္ကူ ယာယီစျေးထဲမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က အမျိုးသား ၂ ယောက်က သေနတ်နဲ့ ၃ ချက် ပစ်သတ်သွားတာဖြစ်တယ် ၊ အဲ့ဒီနောက်မှ တက်လာတဲ့ အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း ဆိုသူဟာ မနေ့ မနက်က ပစ်သတ်ခံရပြန်တယ်”လို့ ပြောပါတယ်။

အဲ့ဒီ အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုးသင်းနဲ့ ဦးမြင့်သိန်း ဆိုသူတို့ ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပခုက္ကူခရိုင်ထဲက ဆိပ်ဖြူ ၊ ပေါက် ၊ မြိုင် ၊ ရေစကြို ၊ ပခုက္ကူ စတဲ့ မြို့နယ်တွေထဲက ရပ် / ကျေး အုပ်ချုပ်ရေးမှူး ၁၅ ဦး ကျော်ဟာ ပြီးခဲ့တဲ့ လပေါင်း ၂၀ အတွင်း ပစ်သတ်ခံရတာတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW