ရေး မြို့မရဲစခန်းမှူး နဲ့ တပ်ကြပ်ကြီးတဦး ပစ်သတ်ခံရ

နိုဝင်ဘာ ၂၃-၂၀၂၂
GG (VOM)

မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းက စခန်းမှူးဒုရဲမှူး နဲ့ ရဲတပ်ကြပ်ကြီးတို့ကို ရေးမြို့နယ်၊ တူးမြောင်းအုပ်စု၊ ကျုံးလောင်းရွာသစ်အနီး တံတားအကျော်မှာ သေနတ်နဲ့ပစ်သတ်ကာ ကားကိုပါမီးရှို့ခံရမှု ဒီနေ့နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရသူတွေက စခန်းမှူးဒုရဲမှူး လှဌေးနဲ့ ရဲတပ်ကြပ်ကြီး ဘဟိန်းတို့ဖြစ်ကြောင်း၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခံရပြီး ကားကိုပါမီးရှို့ခဲ့တာဖြစ်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းက အတည်ပြုပြောဆိုပါတယ်။

” မနက် ၈ နာရီ၂၀လောက်မှာ တူးမြောင်းအုပ်စု၊ ကျုံးလောင်းရွာသစ်အနီး တံတားအကျော်မှာ စခန်းမှူးရဲ့ကား အပစ်ခံရတယ်။ ၄၀ မမ ၊ လက်နက်ငယ်နဲ့ပစ်ခံရတယ်။ နောက် ကားကိုပါ မီးရှို့သွားတယ်။ M 16 တလက်ပါသွားတယ်လို့ သတင်းရပါတယ် “လို့ ပြောပြပါတယ်။

စခန်းမှူးနဲ့တပ်ကြပ်ကြီးပစ်ခတ်ခံရပြီးနောက် ခရိုင်ရဲတပ်ဖွဲ့၊မြို့နယ်ရဲမှူးဦးဆောင်တဲ့ အဖွဲ့တွေက နယ်မြေစစ်ဆေးတာတွေ၊နယ်မြေရှင်းလင်းတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရေးမြို့နယ်မှာလည်း လမ်းသွားလမ်းလာတွေကို စစ်ဆေးမှု တင်းကြပ်ထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ရဲစခန်းမှူးနဲ့တပ်ကြပ်ကြီးတို့ ပစ်ခတ်တိုက်ခိုက်မှုကို မွန်ပြည်နယ်အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ ကလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #ရေး #မြို့မစခန်းမှူးပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW