အလွတ်တန်း သတင်းထောက်မသူဇာ အလုပ်ကြမ်းနဲ့ ထောင်၂ နှစ်ချခံရ

နိုဝင်ဘာ ၂၂-၂၀၂၂
GG (VOM)

ရန်ကုန်က အလွတ်တန်းသတင်းထောက် မသူဇာကို ဒီနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ မှာ အင်းစိန်ထောင်တွင်းတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

မသူဇာကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ က နဲ့အမှုဖွင့်ကာ တစ်နှစ်ကျော် အကြာမှာ အမိန့်ချလိုက်တာဖြစ်ပါတယ်။

” ဒီနေ့အမိန့်ချလိုက်တာ ဟုတ်တယ်၊အလုပ်ကြမ်းလည်းပါတယ်ပြောတယ်။ကျနော်တို့ သိရသလောက်ကတော့ မသူဇာက သတင်းအလုပ်လုပ်ရင်း ဖမ်းခံခဲ့ရတာ ၊ ချုပ်ရက်တွေ ခံစားခွင့်ပြုမယ်လို့လည်းသိရတယ် “လို့ မသူဇာရဲ့မိတ်ဆွေသတင်းသမားတဦးကပြောပါတယ်။

သတင်းထောက် မသူဇာကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ၂၉ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့မရဲစခန်းကနေ နိုင်ငံတော်ဆူပူမှုဖြစ်အောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ရက် အမျိုးသားနေ့က တနိုင်ငံလုံးအတိုင်းအတာနဲ့ လွတ်ငြိမ်းသက်သာခွင့်ပေးရာမှာ သတင်းထောက် မသူဇာ ပါဝင်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ဒီကနေ့မှာတော့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ထဲတုန်းကလည်း
BBC သတင်းဌာန ရဲ့ မီဒီယာအက်ရှင် အစီအစဉ် ရေကြည်ရာ စီစဉ်တင်ဆက်သူ မလင်းလက်ကြယ်စင် (ခ)မထက်ထက်ခိုင်ကို အင်းစိန်ထောင်အထူးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်၃ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး တစ်နှစ်ကျော်ကာလအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သတင်းသမား ၁၀၀ကျော်ရှိခဲ့ပြီး အဲ့ဒီ ထဲကမှ ပြန်လည်လွတ်မြောက်လာသူတွေရှိသလို ဆက်လက်ဖမ်းဆီးခံရသူတွေရှိတဲ့အပြင် ထောင်ဒဏ်ချမှတ်ခံထားရသူတွေလည်းရှိပါတယ်။ အမှုဖွင့်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့သတင်းသမားတွေလည်း ရှိနေပါတယ်။

နောက်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲအကြားနဲ့
စစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့ သတင်းသမား သုံးဦး ရှိထားပါတယ်။

#voiceofmyanmar #VOM #သတင်းထောက်မသူဇာ #ထောင်၂နှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW