ပို့ကုန်ရငွေ ညွှန်ကြားချက်ကြောင့် မွန်ပြည်နယ်ရဲ့ ရော်ဘာအရောင်းအဝယ်အားလုံးနီးပါး ရပ်တန့်နေ

နိုဝင်ဘာ ၂၇ – ၂၀၂၂
SN (VOM)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ပို့ကုန်ရငွေနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်ကြောင့် မွန်ပြည်နယ်ရဲ့ ရော်ဘာအရောင်းအဝယ် အားလုံးနီးပါး ရပ်တန့်နေတယ်လို့ ရော်ဘာလုပ်ငန်းရှင်များထံက သိရပါတယ်။

ပို့ကုန်တင်ပို့သူတွေအနေနဲ့ ပို့ကုန်တင်ပို့ခြင်းကရရှိတဲ့ ပို့ကုန်ရငွေပမာဏအနက်မှ ၆၅ ရာခိုင်နှုန်းကို အလုပ်လုပ်ရက် ၁ ရက်တာအတွင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမှာဖြစ်‌ပြီး ကျန်ရှိတဲ့ ၃၅ ရာခိုင်နှုန်းကို ၎င်းတို့ကိုယ်တိုင် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်တဲ့ တခြားသူများထံ ရောင်းချခြင်းနဲ့ AD လိုင်စင်ရဘဏ်များထံ ရောင်းချနိုင်တယ်လို့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်မှာ ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။

အဲ့ဒီညွှန်ကြားချက် ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကုန်သည်တွေဘက်က ရော်ဘာဝယ်ယူမှု မရှိကြတော့တဲ့အတွက် မွန်ပြည်နယ်ရဲ့ ရော်ဘာအရောင်းအဝယ် အခြေအနေမှာ လုံးဝနီးပါး ရပ်တန့်သွားတယ်လို့ ရော်ဘာ ကုန်သည်တဦးက ပြောပါတယ်။

“ဒါကတော့ ဖြစ်မှာပဲလေ။ ဈေးနှုန်းတွေသတ်မှတ်လိုက်တဲ့အခါကျတော့ နိုင်ငံခြားသွားမယ့်ဈေး ဘယ်လောက်ရမလဲ၊ ဒီငွေနဲ့မြှောက်ပြီး ပြည်တွင်းမှာပြန်ဝယ်ဖို့အတွက်ကို ၁ ပေါင်ကို ဘယ်လောက်ဈေးနဲ့ ဝယ်ရမလဲ။ အဲ့ဒါတွေကို ချင့်ချိန်နေရတာပေါ့။ ရမ်းပြီးတော့သွားဝယ်လို့မရဘူး။ ဝယ်တာနဲ့ ရှုံးသွားမှာပေါ့။ အဲ့ဒါအပြင် ဈေးသိပ်နိမ့်ပြန်ရင်လည်း တောင်သူတွေရှုံးသွားမှာကလည်း ရှိသေးတယ်။ အဲ့ဒါကြောင့် အမျိုးမျိုးချင့်ချိန်ပြီးတော့ အခြေအနေကြည့်ပြီး အရောင်းအဝယ် ရပ်ထားတာပေါ့”လို့ ရော်ဘာကုန်သည်တဦးက ပြောပါတယ်။

လက်ရှိမှာ အဆိုပါပို့ကုန်ရငွေဆိုင်ရာ သတ်မှတ်ချက်ဂယက်ကြောင့် ပြည်တွင်းမှာ ရော်ဘာစျေးနှုန်းတွေ ဆက်တိုက် ကျဆင်းလာပြီး ကုန်သည်နဲ့ ရော်ဘာစက်ရုံတွေက ဝယ်ယူမှုမရှိတော့တဲ့အတွက် ရော်ဘာပေါက်ဈေးကိုပင် ဈေးမဖွင့်နိုင်တော့ဘဲ အရောင်းအဝယ် မရှိသလောက်ဖြစ်နေတယ်လို့ သိရပါတယ်။

“ရော်ဘာဈေးကတော့ ဆက်တိုက် ထိုးကျနေတာပဲ။ ပို့ကုန်ရငွေ ၆၅၊ ၃၅ ဖြစ်ပြီးကတည်းက ဈေးကကျတာပဲ။ Exporter ကြီးတွေက လက်ရှိအခြေအနေအရ အဝယ်ကို ယာယီရပ်ထားတာပေါ့။ အဲ့ဒီလို အဝယ်ကို ယာယီရပ်ထားပေမယ့် ဈေးကွက်ထဲမှာ ဈေးကစားနေတဲ့သူတို့၊ တရားမဝင် အကြီးအကျယ်ပို့နေတဲ့သူတို့က ဈေးချပြီး ဝယ်နေကြတာပေါ့”လို့ သူက ပြောပါတယ်။

ဈေးကွက်အတွင်း လက်ရှိမှာ တရားဝင် ပို့ကုန်၊သွင်းကုန်လုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ကြီးတွေ အရောင်းအဝယ်ငြိမ်နေပေမယ့် တရားမဝင်ရောင်းဝယ်ပြီး ဈေးကစားနေတဲ့သူတွေကြောင့် ရော်ဘာဈေးဟာ အရင် ၁ ပေါင်ဈေး ၁၃၅၀-၁၄၀၀ ကျပ် ဝန်းကျင်ကနေ ၁၁၀၀-၁၁၅၀ ကျပ် ဝန်းကျင်ကို ပြန်လည် ကျဆင်းလာနေတယ်လို့ သိရပါတယ်။

အဲ့ဒီ ပို့ကုန်ရငွေဆိုင်ရာ သတ်မှတ်ချက်မှာ ရော်ဘာအပါအဝင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

Photo-ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအဖွဲ့
#voiceofmyanmar #VOM #မွန် #ရော်ဘာစိုက်ပျိုးရေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW