ဇလွန်မှာ ရာအိမ်မှူး သတ်ခံရတဲ့ကိစ္စနဲ့ ဖမ်းဆီးခံထားရသူ ၇ ဦးကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်

နိုဝင်ဘာ၊၂၇-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မဟာသာကျေးရွာအုပ်စုက ဒေသခံ ၇ ယောက်ကို ရာအိမ်မှူး လုပ်ကြံ သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာပါဝင်ပတ်
သက်တယ်ဆိုပြီး နှစ်ရှည်ထောင်တွေချမှတ်ခံခဲ့ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

”မဟာသာကျေးရွာအုပ်စုထဲက ရာအိမ်မှူးတဦး အသတ်ခံရမှုနဲ့ ပတ်သတ်တယ်ဆိုပြီး ဒေသခံ ၇ ယောက်က ဖမ်းဆီးခံခဲ့ရတာ၊ တစ်နှစ်လောက် စစ်ဆေးပြီး အခုတော့ ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ အနှစ် ၂၀အထိ နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်ခံခဲ့ရတာ ၊ ဟင်္သာတမြို့ ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ်တွေ ချမှတ်လိုက်တာ။”လို့ ပြောပါတယ်။

ရာအိမ်မှူး ဦးအေးထွန်းဆိုသူဟာ ၂၀၂၂ခုနှစ် ၊ ဇန်နဝါရီလက သေနတ်နဲ့ ပစ်သတ်ခံရတာဖြစ်ပြီး ရာအိမ်မှူးကိုသတ်ဖို့အတွက် သတင်းပေးတာ၊ ပူးပေါင်းပါဝင်တာတွေ လုပ်ခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၇ ယောက်ကို အခုလို ထောင်ဒဏ်တွေ ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူတွေထဲမှာ သက် ၅၆ နှစ်အရွယ် ဦးစိန်သောင်းဆိုသူ အမျိုးသားက ထောင်ဒဏ် အနှစ် ၂၀ နဲ့ ထောင်ဒဏ် အမြင့်ဆုံးဖြစ်ပြီး ကျန်တဲ့ အမျိုးသား ၄ ယောက် နဲ့ အမျိုးသမီး ၂ယောက်ကတော့ ထောင်ဒဏ် ၁၀ နှစ်ကျော်စီချမှတ်ခံရတာလို့ သိရပါတယ်။

#voiceofmyanmar #VOM #ဇလွန်

Related posts

Leave a Comment

VOM News

FREE
VIEW