လာမယ့်နှစ် နွေရာသီမှာလည်း လျှပ်စစ်မီး လုံလောက်အောင် ပေးနိုင်မှာမဟုတ်ဘူးလို့ သိရ

နိုဝင်ဘာ ၂၉ – ၂၀၂၂
SN (VOM)

လာမယ့် ၂၀၂၃ ခုနှစ် နွေရာသီမှာလည်း လျှပ်စစ်မီး လုံလောက်အောင် ပေးနိုင်မှာမဟုတ်ဘူးလို့ လျှပ်စစ်ဝန်ကြီးဌာနက ပြောဆိုလိုက်ပြန်ပါတယ်။

ရန်ကုန်တိုင်းမှာ နွေရာသီအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးဆောင်ရွက်သွားမယ့် ကိစ္စနဲ့ပတ်သက်လို့ နိုဝင်ဘာ ၂၇ ရက်ကပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နစကအနေနဲ့ လာမယ့်နွေရာသီအတွက် ပြည်သူလူထုရဲ့ တနေ့တာ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်မပေးနိုင်ပေမယ့် ရရှိတဲ့ လျှပ်စစ်ဓာတ်အားကိုတော့ လူတိုင်း အချိန်ပိုင်းအလိုက် မျှဝေခံစားနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

“သူတို့ ဘယ်လိုပဲပြောပြော သူတို့အုပ်ချုပ်နေတဲ့ ကာလတလျှောက်လုံး အခုချိန်ထိ မီးမှန်တယ်ဆိုတာ မရှိသေးဘူး။ ဟိုအရင်ကလို အပြည့်အဝမရသေးဘူး။ အရင်အစိုးရလက်ထက်ကဆို မီးပျက်ရင်တောင် အလွန်ဆုံးကြာချိန် ၅ မိနစ်လောက်ပဲ။ ဒါတောင် တခါတလေလေးပဲပျက်တာ။ နစကကတော့ ဘာကိုမှ ပြည့်ပြည့်ဝဝ မလုပ်ပေးနိုင်သေးဘူး။ အခုထိ အကောင်းဘက်ကနေ တိုးတက်လာတာ ဘာတခုမှ မရှိသေးဘူး” လို့ ပြည်သူတဦးက ပြောပါတယ်။

တနိုင်ငံလုံးနီးပါး လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်မှုကြောင့် ပြည်သူတွေအနေနဲ့ အထွေထွေကိစ္စများ လုပ်ဆောင်ရန်ခက်ခဲခြင်း၊ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းလေးတွေကစလို့ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းကြီးတွေအထိပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရခြင်းတို့ကြောင့် တိုင်းပြည်စီးပွားရေးဟာလည်း များစွာ ပျက်ယွင်းလာနေပါတယ်။

“အသေးစား၊ အလတ်စားလုပ်ငန်းတွေ တိုးတက်အောင်လုပ်ပြီး နိုင်ငံ့စီးပွား မြှင့်တင်မယ်၊ ချေးငွေတွေပေးမယ်နဲ့ စကားတွေဖောင်းပွနေအောင် ပြောနေဖို့ထက် လျှပ်စစ်မီးလေးသာ မှန်အောင် အရင်ပေးကြည့်စေချင်ပါတယ်။ အလှည့်ကျပေးရင်လည်း အပြည့်မရဘူး။ ပျက်တဲ့အချိန်လည်းမမှန်သလို လာတဲ့အချိန်လည်း မမှန်ဘူး။ ၉ နာရီပျက်ရမယ့်မီးက ၈ နာနီခွဲနဲ့တင် ပျက်ချင်ပျက်သွားတာ။ ၉ နာရီလာပြီး ၁ နာရီပျက်ရမယ့်မီးက ၉ နာရီမှာ ခဏအလာပြပြီး ပြန်ပျက်သွားတာလည်း ခဏခဏပဲ။ ဘာမှကို ယုံစားလို့မရဘူး”လို့ အသေးစား၊ အလတ်စားလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

အခု ၂၀၂၂ ခုနှစ်အတွင်း နွေရာသီကာလဖြစ်တဲ့ မတ်လနဲ့ ဧပြီလအတွင်းကလည်း နိုင်ငံတဝန်း လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပြီး လက်ရှိ အချိန်အထိလည်း လျှပ်စစ်မီးကို အချိန်ပိုင်းနဲ့သာ ရရှိနေသေးတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #လျှပ်စစ်မီးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW