ကလေးမြို့မှာ စစ်ဆေးမခံလို့ဆိုပြီး ဆိုင်ကယ်စီး လူငယ် ၂ ဦး ပစ်သတ်ခံရ

ဒီဇင်ဘာ ၊ ၅ ၊ ၂၀၂၂
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ ဒိုးဝိုင်းချောင်းကျေးရွာနားက စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး လူငယ် ၂ ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ကလေးမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဒိုးဝိုင်းချောင်းရွာထိပ်မှာ ရွာရဲ့ ယာဥ်အဝင်အထွက်ကို စစ်ဆေးနေတဲ့ နယ်မြေရှင်းလင်းရေးအဖွဲ့က ပစ်ခတ် ဖမ်းဆီးတာဖြစ်တယ် ၊ ဆိုင်ကယ်စီးလာပြီး ရပ်မပေးဘဲ မောင်းထွက်ပြေးတဲ့ လူငယ် ၂ ဦး ပစ်သတ်ခံရလို့ နေရာမှာတင် ပွဲခြင်းပြီး သေဆုံးသွားတယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ် ဖမ်းဆီးလို့ လူသေဆုံးရတာနဲ့ ပတ်သက်ပြီး ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” အများပြည်သူ အသက်ဘေး အန္တရာယ် လုံခြုံဖို့အတွက် နယ်မြေရှင်းလင်းရေးအဖွဲ့က ယာဥ်သွား ယာဥ်လာတွေကို ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ပြုလုပ်ပေးနေတယ် ၊ ဒါကို ကြည်ဖြူစွာ အစစ်ဆေးမခံဘဲ ဆိုင်ကယ်ကို မောင်းပြေးလို့ ပစ်ခတ် ဖမ်းဆီးတာဖြစ်တယ် ၊ 125ဆိုင်ကယ် ၁ စီးနဲ့ လူငယ် ၂ ယောက်ဖြစ်တယ် ၊ အသက်ကတော့ ၂၅ / ၃၀ ဝန်းကျင်အရွယ်ဖြစ်တယ် ၊ သူတို့ကို ရှာဖွေ စစ်ဆေးတဲ့အခါ ပစ္စတိုသေနတ် ၁ လက် ၊ ကျည်အိမ် ၂ ခု ၊ ကျည်ဆံ ၈ တောင့် သိမ်းဆည်းရမိတယ် ၊ သေဆုံးသူ ၂ ယောက်ဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာ ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်နဲ့ မြို့ရှောင်လမ်းဘက်မှာ ဆိုင်ကယ် ရပ်မပေးလို့ ပစ်ခတ် ဖမ်းဆီးခံရတဲ့သူတွေဆီက လက်လုပ်မိုင်းတွေ လက်လုပ်သေနတ်တွေ ဖမ်းဆီးရမိတာ ဖြစ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ ၂၂ လအတွင်း အဲ့ဒီလို ပစ်ခတ် ဖမ်းဆီးခံရလို့ သေဆုံးရတဲ့ သူပေါင်း ၃၀ ထက်မနည်းရှိခဲ့ပြီး မုံရွာ ၊ ရွှေဘို ၊ ဝက်လက် ၊ အရာတော် ၊ ရေဦး ၊ ခင်ဦး ၊ ကောလင်း စတဲ့ မြို့နယ်တွေဘက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းနဲ့ ကပ်နေတဲ့ မကွေးတိုင်း ပခုက္ကူမြို့ပေါ်မှာ ဆိုင်ကယ် ၂ ယောက်ပိုး မစီးရ ဒေသန္တရ အမိန့်ထုတ်ပြန်ပြီးနောက် ပစ်ခတ်ဖမ်းဆီးတာတွေ ဖြစ်ပွားခဲ့တဲ့အတွက် လူသေဆုံးတာ ၊ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်တဲ့အပြင် လူ တစ်ရာနီးပါးလည်း ဖမ်းဆီး စစ်ဆေးခံရတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ကလေး #ပစ်ခတ်ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW