အင်ဒိုနီးရှားနိုင်ငံ ဆီမီရူမီးတောင်ပေါက်ကွဲမှု ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်း

ဂျကာတာ၊ ဒီဇင်ဘာ-၅-၂၀၂၂
မျိုးဆက်(VOM)

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ ဆီမီရူမီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေရပါတယ်။

မီးတောင်ပေါက်ကွဲမှု အရှိန်မြင့်လာတာနဲ့အမျှ အာဏာပိုင်တွေဟာလည်း မီးတောင်ပေါက်ကွဲမှု သတိပေးချက်ကို တိုးမြှင့်လိုက်ပြီး လက်ရှိအချိန်ထိ ထိခိုက်သေဆုံးမှုမရှိသေးပါဘူး။

မီးတောင်ကနေ ချော်ရည်ပူတွေထွက်နေတာကြောင့် မီးတောင်ကနေ ငါးမိုင်အကွာမှာနေကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ မီးတောင်ဟာ ဒီဇင်ဘာ ၄ ရက်မှာ စတင်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

မီးတောင်ပေါက်ကွဲမှု အဆင့်သုံးကနေ လေးထိ သတ်မှတ်လိုက်တာဟာ လူနေအိမ်တွေကိုပါ အန္တရာယ်ရှိလာနိုင်တာကြောင့်လို့ အင်ဒိုနီးရှား မီးတောင်နဲ့ဘူမိအန္တရာယ်လျော့ပါးရေး ဌာနက ပြောပါတယ်။

မီးတောင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆူနာမီဖြစ်ပေါ်နိုင်ခြေနဲ့ပတ်သက်ပြီး ဂျပန်ကသတိပေးချက်ထုတ်ပြန်ထားပေမယ့် ပင်လယ်ပြင်မှာ ဒီရေလှိုင်း ပြောင်းလဲမှုမရှိကြောင်း ပညာရှင်တွေက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မကြာခဏဆိုသလို မီးတောင်ပေါက်ကွဲမှုနဲ့ ငလျင်လှုပ်ခတ်မှုတွေကို ဖြစ်ပေါ်စေတဲ့ ပစိဖိတ်ငလျေင်ကြောပေါ်မှာတည်ရှိနေပြီး လွန်ခဲ့တဲ့လက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၃၀၀ ကျော်သေဆုံးခဲ့ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW