လှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ်စီးခွင့်ပိတ်

ဒီဇင်ဘာ ၆-၂၀၂၂
GG (VOM )

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ကို ဒီနေ့ ဒီဇင်ဘာ ၆ ရက်နေ့က စတင်ကာ ဆိုင်ကယ်စီးခွင့်ပိတ်လိုက်ပြီး ဆိုင်ကယ်စီးခွင့်ပိတ်ထားပါရဲ့နဲ့ ဆိုင်ကယ်စီးနင်းတာကို ဖမ်းဆီးရမိပါက ဆိုင်ကယ်ကိုသိမ်းဆည်းမှာဖြစ်တယ်လို့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက သတိပေးနေတယ်လို့ သိရပါတယ်။

ဆိုင်ကယ်စီးခွင့်စပိတ်တဲ့ ဒီကနေ့မနက်မှာပဲ လှိုင်သာယာမြို့နယ်က ရပ်ကွက်တွေအထဲထိ ဝင်ဖမ်းနေသလို လမ်းမကြီးတွေပေါ်မှာလည်း ဖမ်းဆီးမှုတွေလုပ်နေပြီလို့ သိရပါတယ်။

” မနေ့က ညမှာ အုပ်ချုပ်ရေးမှူးအဖွဲ့က လိုက်အော်တယ် ဆိုင်ကယ်စီးခွင့်ပိတ်လိုက်ပြီ စီးတာတွေ့ရင် အရေးယူမယ် ဆိုင်ကယ်သိမ်းမယ်တဲ့။ အရင်ကလည်းမစီးဖို့ပြောပေမယ့် အခုက တရားဝင်ပိတ်လိုက်တဲ့သဘောထင်တယ်၊ ဆိုင်ကယ်စီးခွင့်ပိတ်လို့တော့ ဘာအလုပ်မှလုပ်စားမရဘူး ၊ အရင်ရက်တုန်းက ဗုံးတွေဆင့်ပေါက်လို့ ပိတ်လိုက်တာလည်းဖြစ်နိုင်တယ် ။ဒီနေ့ရပ်ကွက်တွေထဲအထိ လိုက်ဖမ်းနေတာ။လမ်းမကြီးတွေမှာလည်းဖမ်းနေပြီ “လို့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နေထိုင်သူတဦးကပြောပါတယ်။

ဆိုင်ကယ်စီးနင်းခွင့် ပိတ်လိုက်ပြီဖြစ်ကြောင်းကို ​တော့ ရပ်ကွက်အလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက မနေ့ ဒီဇင်ဘာလ ၅ ရက် ညပိုင်းမှာ ရပ်ကွက်နေထိုင်သူတွေကို လိုက်လံအသိပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” လှိုင်သာယာက ဆိုင်ကယ် အဓိကအသုံးပြုလုပ်ကိုင်စားသောက်နေရတဲ့မြို့ပါ။ အဲ့ဒါကို ဆိုင်ကယ်စီးခွင့်ပိတ်တော့ ဘယ်လိုလုပ်ကိုင်စားသောက်မလဲ၊ နိုင်ငံရေးမကောင်းလို့ အလုပ်အကိုင်မကောင်း၊စားဝတ်နေရေးကျပ်တည်းပါတယ်ဆို အခုတမျိုးထပ်လုပ်ပြန်တယ်။ ဆိုင်ကယ်လိုင်စင်မဲ့စီးခွင့်ပိတ်တယ်ဆိုတောင် တော်သေးတယ်။အရင်ကတော့ပိတ်လိုက် ပြန်စီးလိုက်ပဲ။အခုတခါလည်းအခြေအနေစောင့်ကြည့်ရမှာပဲ “လို့ နောက်ထပ် လှိုင်သာယာဒေသခံတဦးက ပြောပါတယ်။

လှိုင်သာယာမြို့နယ်ဟာ အခြေခံလူတန်းစားအများဆုံးနေထိုင်တဲ့မြို့ဖြစ်သလို ရွှေ့ပြောင်းလုပ်သားအများဆုံး အလုပ်လုပ်ကိုင်နေတဲ့မြို့​ဖြစ်ပြီး ဆိုင်ကယ်အသုံးပြုမှုများတဲ့မြို့လည်းဖြစ်ပါတယ်။

ဒါကြောင့် အခုလို ဆိုင်ကယ်စီးခွင့်ပိတ်လိုက်တာဟာ ဆိုင်ကယ်အဓိကအသုံးပြုပြီး အလုပ်လုပ်နေရတဲ့ဆိုင်ကယ်ကယ်ရီသမားတွေ၊ စက်ရုံ၊အလုပ်သမားတွေ အတွက်အခက်အခဲဖြစ်နေရတယ်လို့်သိရပါတယ်။

ပြီးခဲ့တဲ ဇွန်လတုန်းကလည်း လှိုင်သာယာမှာ ဆိုင်ကယ်နဲ့ ဘက်ထရီစက်ဘီးတွေ စီးခွင့်ပိတ်လိုက်တယ်လို့ အသိပေးတာရှိခဲ့ပြီး ဖမ်းမိတဲ့ဆိုင်ကယ်တွေကို ငွေဒဏ်ရိုက်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

အရင်ကလည်း ရန်ကုန်တိုင်းထဲက သန်လျင်မြို့၊ တွံတေး၊ဒလ ၊ခရမ်း မြို့နယ်တွေမှာဆိုင်ကယ်စီးခွင့် ပိတ်ထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #လှိုင်သာယာ #ဆိုင်ကယ်စီးခွင့်ပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW