တိုက်ပွဲရပ်ထားပေမယ့် ရသေ့တောင်က စစ်ဘေးရှောင်တွေ အကူအညီတွေမရလို့ အခက်တွေ့နေ

ဒီဇင်ဘာ ၇- ၂၀၂၂
SW (VOM)

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေရပ်တန့်ထားတာ ၂ ပတ်နီးပါး ကြာလာပြီဖြစ်ပေမယ့် တဘက်မှာလည်း တိုက်ပွဲကာလတုန်းက ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာအကူအညီတွေမရတာကြောင့်အငတ်ဘေးတွေ့နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ နှစ်ဖက်အပစ်ရပ်လိုက်ကြလို့ လမ်းတချို့ဖွင့်လိုက်ပေမယ့် လူသားချင်းစာနာမှုအကူအညီတွေ ဘာတခုမှ ရောက်လာတာမရှိသေးဘူးလို့ စစ်ရှောင်တွေကပြောကြပါတယ်။

လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲနဲ့ ပတ်သက်ပြီး ရသေ့တောင်မြို့ စေတီတောင်စစ်ဘေးရှောင်စခန်းမှာခိုလုံနေတဲ့ အမျိုးသမီးတဦးက “စားဝတ်နေရေး အခက်အခဲဖြစ်နေကြပါပြီ။ ဆောင်းရာသီရောက်လာလို့ ခြင်ထောင်တွေ၊ စောင်တွေ လိုအပ်လာပါပြီ၊ လမ်းတွေ ပြန်ဖွင့်တယ်ဆိုလို့ အကူအညီတွေလာမလား မျှော်နေကြတာလည်း မောနေပါပြီ။” လို့ ပြောပါတယ်။

ရသေ့တောင်မြို့ပေါ်က စစ်ဘေးရှောင်စခန်းအများစုမှာ စားနပ်ရိက္ခာ အကူအညီတွေမရတာ ၃ လနီးပါး ကြာမြင့်နေပြီဖြစ်ကြောင်းနဲ့ အရင်က လူကယ်ပြန်ကနေပေးနေတဲ့ ဆန်လည်း မရတော့ဘူးလို့ ပြောပါတယ်။

လက်ရှိမှာ ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာနေတာကြောင့် ဆန်တအိတ်ကို ကျပ် ၇ သောင်းအထိ ပေးရတာကြောင့် ဝယ်ယူဖို့ ငွေကြေးမတတ်နိုင်ဘဲ အကြွေးဝယ်ယူတဲ့အခါလည်း အခက်အခဲတွေရှိတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတဦးက “ ရင်းနှီးတဲ့ လူတွေဆီက အကြွေးဝယ်ယူစားသောက်ပါတယ်။ ပထမတခါ ဝယ်တဲ့ဟာကို အကြွေးပြန်မဆပ်နိုင်ရင် နောက်ထပ်မရပါ။ အစိုးရဆီကလည်း ဘာအကူအညီမှ မရပါဘူး။ လူကယ်ပြန်က ပေးတဲ့ ဆန် မရကြတာ ၁ နှစ်ကျော် လောက်ကြာပါပြီ။ ICRC ကပေးနေကျ ဆန်၊ ဆီ၊ ဆား၊ လူသုံးကုန်မစ္စည်းတွေမရတာလည်း ၃ လကြာပါပြီ”လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေ အခုလိုမျိုး စားနပ်ရိက္ခာ အကျပ်အတည်းကျရောက်နေတာနဲ့ ဘေးစီမံက ဆန်ရိက္ခာတွေ စစ်ဘေးရှောင်စခန်းတွေသို့ မရောက်ရှိတဲ့အပေါ် ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက “ စစ်ဘေးရှောင်တွေဆီကို ဆန်မရောက်တာက တိုက်ပွဲဖြစ်လို့ မရောက်တာရှိတယ်။ ဘတ်ကျပ် တခုမှာ နှစ်ကုန်ခါနီး အခြေအနေပေါ့။ မေလဆန်းပြီဆိုရင် ပိုက်ဆံထုတ်တယ်။ ဆန်ဝယ်တယ်။ ပို့တယ်ဆိုတော့ စားသုံးသူလက်ထဲကိုရောက်တာ ရက်ပေါင်း ၄၀ လောက် နောက်ကျသွားတာပေါ့။ အဲဒီလို အခက်အခဲလေးတွေရှိတယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေကို ဘေးစီမံက ဆန်ရိက္ခာစဉ်ထောက်ပံ့မှုရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး ဆန်ရိက္ခာအကူအညီတွေ မရရှိတော့တာဖြစ်တယ်လို့ သိရပါတယ်။

အရင်က စစ်ဘေးရှောင်စခန်းတွေကို နိုင်ငံတကာ လူသားချင်းစာနာတဲ့အဖွဲ့အစည်းတွေက ဆန်၊ ဆီး၊ ဆား၊ ငရုပ်၊ ကြက်သွန် စတဲ့စားနပ်ရိက္ခာတွေ လစဉ်ပုံမှန်ထောက်ပံ့ပေးနေပေမယ့် စစ်ရေးတင်းမာမှုတွေကြောင့် ပြည်နယ်ကောင်စီက စာထုတ်ကာ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေသို့ လူသားချင်းစာနာမှုအကူအညီတွေ ပေးထားတာကို ယာယီရပ်တန့်ဖို့ ညွှန်ကြားခဲတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်တွေအနေနဲ့ စားနပ်ရိက္ခာအကျပ်အတည်းကြောင့် အငတ်ဘေးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရသေ့တောင် #စစ်ဘေးရှောင်အခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW