ထီးချိုင့်မြို့နယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားလို့ လူနေအိမ် ၁၄၀ ကျော် မီးလောင်

ဒီဇင်ဘာ ၊ ၈ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ဇီးသောင်းကျေးရွာနဲ့ အောင်သာယာကျေးရွာနားမှာ မနေ့ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရွာထဲက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က နေ့လယ်၁၂ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ ရွာကလူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ ရွာထဲက အိမ်တွေ မီးလောင်ပျက်စီးကုန်တယ် ၊ ဇီးသောင်းရွာနဲ့ အောင်သာယာ ၂ ရွာပေါင်း အိမ်ခြေ ၁၄၀ ကျော် မီးလောင်တယ် ၊ ဘယ်အဖွဲ့စည်းက ရှို့တယ်ဆိုတာ မသိရဘူး”လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ဇီးသောင်းရွာနဲ့ အောင်သာယာရွာက လူနေအိမ်တွေ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ကသာခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က” နယ်မြေရှင်းလင်းရေး အဖွဲ့တွေရောက်တဲ့အချိန် ထိတွေ့တိုက်ပွဲဖြစ်ပွားတယ် ၊ ၂ ရွာပေါင်းအိမ်ခြေ ၁၄၀ ကျော် မီးလောင်ပျက်စီးတယ် ၊ အိမ်မွေးတိရစ္ဆာန်တွေလည်း သေတယ် ၊ လူသေတာတော့ မရှိဘူး ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ကျောက်အိုက်ကျေးရွာနဲ့ ရွှေချောင်းကျေးရွာနားမှာ ၊ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး လူနေအိမ် ၁၆၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက် မနက် ၁၀ နာရီဝန်းကျင်ကလည်း ထီးချိုင့်မြို့နယ် ၊ အလယ်တောကျေးရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရွာထဲက လူနေအိမ် ၂၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ထီးချိုင့်

Related posts

Leave a Comment

VOM News

FREE
VIEW