နွားထိုးကြီးမြို့နယ်မှာ ၂ ရက်အတွင်း လူ ၈ ယောက် အသတ်ခံရ

ဒီဇင်ဘာ ၊ ၈ ၊ ၂၀၂၂
SP (VOM)

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ မင်းရွာနားမှာ ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်အတွင်း အမျိုးသား ၈ ယောက် ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မင်းရွာမှာ ၂ ဆက်တိုက် အသတ်ခံရတာ လူ ၈ ယောက်ဖြစ်တယ် ၊ ဒီဇင်ဘာ ၆ ရက်က မင်းရွာ ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအောင်မြင့် ၅၅ နှစ် နဲ့သူ့သား မောင်ကောင်းဆက်နိုင် ၁၇ နှစ် အသတ်ခံရတယ် ၊ ဒီဇင်ဘာ ၆ ရက်ညက ဖမ်းခေါ်သွားတဲ့ လူ ၆ ယောက်ကတော့ ၇ ရက်နေ့မနက်မှာ ၆ လောင်းပြိုင် အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်”လို့ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ၆ လောင်းပြိုင် အသတ်ခံရတဲ့သူတွေကတော့ နွားထိုးကြီးမြို့နယ် ၊ မင်းရွာမှာနေတဲ့ ဦးကျော်ဆောင် ၆၃ နှစ်၊ ဦးခင်မောင်စိန် ၆၃ နှစ်၊ ကိုမင်းဇော် ၃၆ နှစ်၊ ကိုဟန်တင် ၄၂ နှစ် ၊ ကိုစိုးပိုင် ၃၇ နှစ် နဲ့ ကိုအောင်ကိုမင်း ၁၇ နှစ်တို့ ဖြစ်တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင် ပရဟိတသမားတွေဆီက သိရပါတယ်။

” ၆ လောင်းပြိုင် အသတ်ခံရတဲ့ သူတွေက NLD ပါတီဝင်တွေဖြစ်တယ် ၊ အသက်ကြီးပိုင်းတွေဆိုတော့ တက်ကြွစွာ လှုပ်ရှားတဲ့သူတွေ မဟုတ်ဘူး ” လို့ မင်းရွာ ဒေသခံတယောက်က ပြောပါတယ်။

၂ ရက်အတွင်း အသတ်ခံရတဲ့ မင်းရွာသား လူ ၈ ယောက်ကို ဘယ်အဖွဲ့အစည်းက သတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။

အဲ့ဒီ လူသတ်မှုတွေနဲ့ ပတ်သက်ပြီး နွားထိုးကြီးမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

မြင်းခြံခရိုင်ထဲမှာ ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော် ကာလအတွင်း အခုလို သတ်ဖြတ်ခံရတာတွေကြောင့် လူ ၈၀ ကျော် သေဆုံးရပြီးဖြစ်တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #နွားထိုးကြီး

Related posts

Leave a Comment

VOM News

FREE
VIEW