မှောင်ခိုလမ်းကြောင်းကနေ မြန်မာ့ရော်ဘာတင်ပို့မှု ၁ နှစ်ကို တန်ချိန် ၁ သိန်းနီးပါးခန့် ရှိတယ်လို့ သိရ

ဒီဇင်ဘာ ၉ – ၂၀၂၂
SN (VOM)x

ပြည်တွင်းကထွက်ရှိတဲ့ ရော်ဘာတွေကို ပြည်ပကို တရားဝင်တင်ပို့ရာမှာ ဈေးနှုန်းရရှိမှု နည်းပါးနေတဲ့အတွက် တရားမဝင်မှောင်ခိုလမ်းကြောင်းကနေ ၁ နှစ်ကို တန်ချိန် ၁ သိန်းနီးပါးခန့် တင်ပို့မှုတွေ ရှိနေတယ်လို့ ရော်ဘာကုန်သည်များထံမှ သိရပါတယ်။

မြန်မာ့ရော်ဘာတွေကို မှောင်ခိုလမ်းကြောင်းကတဆင့် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှားနဲ့ တရုတ်နိုင်ငံတို့ကို တင်ပို့နေတာဖြစ်ပါတယ်။

“နယ်စပ်ချင်းထိနေတဲ့ နိုင်ငံအချို့အပြင် ရေလမ်းကြောင်းကနေလည်း မလေးရှားက ပီနန်းတို့ဘာတို့လည်း သွားတယ်။ တရားဝင်ရတဲ့ဈေးက ၁ ပေါင်ကို ၁၁၅၀ လောက်ရှိတယ်။ တရားမဝင်ဈေးကတော့ ‌ကမ္ဘာ့ပေါက်ဈေးအပေါ်မှာ ရရှိတဲ့ဈေးနဲ့ တွက်ချက်ပြီးတော့ နည်းနည်းလေးပိုပေးတာပေါ့။ ၁ ပေါင်ကို ၄၀/၅၀ ပိုပေးတဲ့အခါလည်းရှိတယ်၊ ၇၀/၈၀ ပိုပေးတဲ့အခါလည်း ရှိပါတယ်”လို့ ရော်ဘာလုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာ ၁ နှစ်ကို ရော်ဘာတန်ချိန် ၄ သိန်းခန့် ထွက်ရှိပြီး တရားဝင်လမ်းကြောင်းကနေ တန်ချိန် ၃ သိန်းခန့် တင်ပို့မှု ရှိနေတဲ့အတွက် တရားမဝင် လမ်းကြောင်းကနေ တန်ချိန် ၁ သိန်းနီးပါးခန့် အထွက်ရှိနေတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

“နည်းနည်း‌လေးမဟုတ်ဘူး။ ၁ နှစ်ကို တန်ချိန် ၁ သိန်းလောက် သွားနေတာ။ ဈေးပိုရနေတဲ့အတွက် ဒီမှောင်ခိုလမ်းကြောင်းက သွားနေဦးမှာပဲ။ ဟိုဘက်နဲ့ ဒီဘက် ဈေးတန်းတခုတူအောင် ညှိနိုင်မှ‌ မှောင်ခိုဈေးကွက်က ပပျောက်သွားမှာ”လို့ သူက ပြောပါတယ်။

လက်ရှိ မြန်မာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍမှာ ခြံငယ်လုပ်ငန်းရှင် အရေအတွက် ၉၀ ရာခိုင်နှုန်းကျော်ရှိနေပြီး ထွက်ရှိလာတဲ့ ရော်ဘာတွေဟာလည်း တခြံနဲ့တခြံက အရည်အသွေး တူညီမှုမရှိတာကြောင့် နိုင်ငံတကာဈေးကွက် ထိုးဖောက်ရာမှာ အရည်အသွေး၊ စံချိန်စံညွှန်းပိုင်းနဲ့ပတ်သက်လို့ လိုအပ်ချက်များစွာ ရှိနေသေးတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း လက်ရှိမှာ ရော်ဘာစိုက်ပျိုးဧက ၁,၆၄၀,၀၀၀ ဝန်းကျင်ရှိပြီး ထုတ်လုပ်မှုဧက ၈ သိန်းခွဲခန့်ရှိကာ ၁ နှစ်ကို ရော်ဘာတန်ချိန် ၄ သိန်းခန့် ထွက်ရှိနေတယ်လို့ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကနေ သိရပါတယ်။

Photo-ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအဖွဲ့
#voiceofmyanmar #VOM #ရာဘာစိုက်ပျိုးရေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW