ကား တင်သွင်းခွင့်ပါမစ် ရပ်ဆိုင်းတာကြာမြင့်လာလို့ အရောင်းစင်တာတချို့ Deposit ငွေပြန်ထုတ်ပြီး လိုင်စင်ပိတ်သိမ်းဖို့ ပြင်ဆင်

ဒီဇင်ဘာ ၁၀ – ၂၀၂၂
SN (VOM)

ပြည်ပကနေ မော်တော်ယာဉ်တင်သွင်းခွင့်အတွက် ပါမစ်ထုတ်ပေးခြင်းကို အချိန်ကြာမြင့်စွာ ရပ်ဆိုင်းထားတာကြောင့် အရောင်းစင်တာတချို့မှာ ရောင်းရမယ့်ကား မရှိသလောက် ဖြစ်လာတဲ့အတွက် Deposit ငွေပြန်ထုတ်ပြီး လုပ်ငန်းပိတ်သိမ်းဖို့ ပြင်ဆင်နေတယ်လို့ မော်တော်ကား တင်သွင်းရောင်းချသူတွေဆီက သိရပါတယ်။

ပြည်တွင်း နိုင်ငံခြားငွေကြေးလိုအပ်ချက် ကြီးမားလာတဲ့အခြေအနေနဲ့ အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်နိုင်ဖို့ စီးပွား/ကူးသန်း ဝန်ကြီးဌာနက ပြည်ပကနေ မော်တော်ယာဉ်အပါအဝင် အခြားဇိမ်ခံပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်ထားတာ အချိန် ၁ နှစ်နီးပါးခန့် ကြာမြင့်လာပြီဖြစ်တာကြောင့် ကားအရောင်းစင်တာတွေအနေနဲ့ အခုလို လိုင်စင်ပိတ်သိမ်းဖို့ စီစဉ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ အရောင်းစင်တာတွေဆိုတာ နိုင်ငံခြားကနေ ကားတင်သွင်းရောင်းချတာလေ။ အဲ့ဒါကို အခု ပါမစ်မပေးတာ ၁ နှစ်လောက် ရှိသွားပြီဆိုတော့ ထပ်ပြီးတော့လည်း ပါမစ်ပေးမလား၊ မပေးဘူးလား တိကျတဲ့မူဝါဒ မရှိတဲ့အခါကျတော့ တချို့လူတွေက အရောင်းပြခန်းဖွင့်တဲ့ အငှားစရိတ်တွေရယ်၊ ဂိုဒေါင်စရိတ်တွေရယ်၊ ဝန်ထမ်းခစရိတ်တွေရယ်၊ တခြား အထွေထွေစရိတ်တွေကို မခံနိုင်တဲ့အခါကျတော့ လောလောဆယ် ပိတ်သိမ်းတင်ပြီးတော့ Deposit ငွေ ပြန်ထုတ်တဲ့သဘောပါပဲ”လို့ ရန်ကုန်တိုင်းမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။

ပိတ်သိမ်းအပ်နှံဖို့ စီစဉ်နေတဲ့ အရောင်းစင်တာတွေဟာ မြေငှားရမ်းလုပ်ကိုင်နေတဲ့ အရောင်းစင်တာတွေ အများဆုံးဖြစ်ပြီး ပေးဆောင်ရမယ့်အခွန်တွေ ရှင်းလင်းပြီးမှသာ Deposit ငွေ ပြန်လည်ထုတ်ယူခွင့် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

“ကားအရောင်းပြခန်း ဖွင့်တဲ့အခါ သက်ဆိုင်ရာမြို့နယ်အလိုက်မှာ ကောင်းတဲ့နေရာလေးတွေက မြေငှားရမ်းခ ဈေးကြီးတယ်လေ။ အရောင်းပြခန်းနေရာအပြင်ကို ကားဂိုဒေါင်ဆိုပြီးတော့လည်း နှစ်နေရာရင်းရတယ်။ ဝန်ထမ်းတွေလည်း ထားပေးရတဲ့အခါကျတော့ စရိတ်က တဖြည်းဖြည်းတက်လာတာပေါ့။ တလ တလကို အသုံးစရိတ်ချည်းပဲ ၁၅၀-၂၀၀ လောက် ကုန်လာတဲ့အခါကျတော့ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာကြတာပေါ့။ ရေရေရာရာ တိကျတဲ့မူဝါဒ ထပ်ပြီးတော့ထွက်ပေါ်လာခြင်း မရှိတဲ့အခါကျတော့ လိုင်စင်ပိတ်သိမ်းဖို့တွေအထိ လုပ်ဆောင်လာကြတာပါ”လို့ သူက ပြောပါတယ်။

အခုလို လိုင်စင်ပိတ်သိမ်းဖို့ စီစဉ်နေတဲ့ အရောင်းစင်တာတွေဟာ ကားအရောင်းအဝယ်လုပ်ငန်းကို နှစ်ရှည်လများ လုပ်ကိုင်လာသူတွေမဟုတ်ဘဲ ဈေးကွက်ကောင်းချိန် ခဏတာဝင်ရောက် ရင်းနှီးမြှုပ်နှံသူတွေသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“လက်ရှိမှာ လိုင်စင်ပိတ်သိမ်းဖို့ ပြင်နေတဲ့သူတွေက ကားလုပ်ငန်းကို ရေရှည်လုပ်လာပြီး ဒီလုပ်ငန်းနဲ့ပဲ စီးပွားရှာလာတဲ့သူတွေမဟုတ်ပါဘူး။ ကားလုပ်ငန်းကောင်းတဲ့အချိန်မှာ ဒီလုပ်ငန်းကအကျိုးအမြတ်ရှိနိုင်လို့ ခဏရင်းနှီးမြှုပ်နှံတဲ့သူတွေ၊ ဒီလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဖို့ ခက်ခဲတဲ့သူတွေ၊ ဒီလုပ်ငန်းကို ဆက်ပြီး မလုပ်ချင်တော့တဲ့သူတွေလောက်သာ ဖျက်သိမ်းလုပ်တာပါ။ တကယ့်လုပ်ငန်းသမားတွေကတော့ ဆက်ပြီးတော့ လုပ်ကိုင်နေဆဲပါပဲ”လို့ သူက ပြောပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ ကားလုပ်ငန်းလုပ်ကိုင်လိုရင် နိုင်ငံတော်ကို အရင်က Deposit ငွေ ကျပ်သိန်း ၅၀၀ တင်ပြရပေမယ့် နစကလက်ထက်မှာတော့ ကျပ် သိန်း ၁ ထောင်အထိ ပြင်ဆင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကိုလည်း ခြောက်လတကြိမ် သက်တမ်းတိုးရမှာဖြစ်ပြီး လက်ရှိချမှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လုပ်ကိုင်ခြင်းမရှိရင်တော့ လုပ်ငန်းလိုင်စင်ပျက်ပြယ်တယ်လို့လည်း သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ကားပါမစ်ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW