ဘုတလင်မြို့နယ်မှာ ဆိုင်ကယ်ရပ်မပေးလို့ ပစ်ခတ်ဖမ်းဆီးရာ လူငယ် ၃ ဦးသေဆုံး

ဒီဇင်ဘာ ၊ ၁၀ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘူတလင်မြို့နယ် ၊ ကူတော်ကျေးရွာနားမှာ မနေ့ ဒီဇင်ဘာ ၉ ရက် ၊ ညနေပိုင်းက စစ်ဆေးခံဖို့ ဆိုင်ကယ်ရပ်မပေးတာကြောင့် ပစ်ခတ်ဖမ်းဆီးတဲ့အခါ ဆိုင်ကယ်စီး လူငယ် ၃ ယောက်သေဆုံးခဲ့တယ်လို့ ကူတော်ရွာခံတွေဆီက သိရပါတယ်။

” မနေ့က ညနေ ၅ ခွဲလောက်မှာ ကူတော်ရွာနားမှာ ဖြစ်တာပါ ၊ ကဘက်ကျေးရွာဘက်ကနေ ဆိုင်ကယ် ၁ စီး ၊ လူ ၃ ယောက်စီးလာတယ် ၊ အဲ့ဒါကို ကင်းအဖွဲ့က စစ်ဆေးဖို့ ဆိုင်ကယ်ရပ်ခိုင်းတဲ့အခါ ဆိုင်ကယ်ရပ်မပေးဘဲ မောင်းပြေးသွားတယ် ၊ အဲ့ဒီ အချိန်မှာ ကင်းအဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတယ် ၊ ဆိုင်ကယ်သမား ၃ ယောက်စလုံး သေတယ် “လို့ ကူတော်ရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်ဖမ်းဆီးတာနဲ့ ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” ကူတော်ကျေးရွာနားမှာ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အချိန် ၊ကဘက်ကျေးရွာဘက်ကနေ ဆိုင်ကယ် ၃ ယောက်ပိုးစီးလာတယ် ၊ အဲ့ဒါ စစ်ဆေးခံဖို့ရပ်ခိုင်းတဲ့အခါ ၊ ဆိုင်ကယ်မရပ်ဘဲ မောင်းပြေးသွားလို့ ပစ်ခတ်ဖမ်းတာဖြစ်တယ် ၊ အဲ့ဒီ ဆိုင်ကယ်စီးလာတဲ့သူတွေဆီက လက်လုပ်သေနတ် ၂ လက် ၊ ၁၂ ဗို့ကျည်ဆံ ၁၂ တောင့် ၊ ဆိုင်ကယ် ၁ စီး သိမ်းဆည်းရမိတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ပစ်သတ်ဖမ်းဆီးခံရတဲ့ သေဆုံးသူ ၃ ယောက်နဲ့ပတ်သက်ပြီး ဘုတလင်မြို့နယ်ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

မနေ့ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ကိုးတောင်ဘို့ ကျေးရွာနားမှာ စစ်ဆေးခံဖို့ ဆိုင်ကယ်ရပ်မပေးတဲ့ လူငယ် ၂ ယောက်ကို ပစ်သတ်ဖမ်းဆီးရာ လူငယ် ၂ ယောက် သေဆုံးပြီး ၊ သေဆုံးသူတွေဆီက ပစ္စတိုသေနတ် ၂ လက် ၊ ဆိုင်ကယ် ၁ စီး သိမ်းဆည်းရမိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၈ ရက် ညနေပိုင်းကလည်း မုံရွာမြို့ ၊ ဒေါနခြံရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ ပြည်သူ့ဆေးရုံကြီးနားမှာ ဆိုင်ကယ်စီးလာသူ တဦး ပစ်ခတ်ဖမ်းဆီးခံရတဲ့အတွက် သေဆုံးခဲ့တာ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဘုတလင်

Related posts

Leave a Comment

VOM News

FREE
VIEW