ပို့ကုန်မှုဝါဒ သတ်မှတ်ချက်တွေကြောင့် လာမယ့်နှစ်အတွင်း မြန်မာ့ထောပတ်သီးတင်ပို့မှုရပ်ဆိုင်းနိုင်

ဒီဇင်ဘာ ၁၁ – ၂၀၂၂
SN (VOM)

မြန်မာ့ထောပတ်သီး ပြည်ပတင်ပို့မှုမှာ ဈေးကွက်နဲ့ဈေးနှုန်းရရှိမှု ကောင်းနေပေမယ့် လက်ရှိ ပို့ကုန်မှုဝါဒနဲ့ ငွေလဲနှုန်းသတ်မှတ်ချက်တွေကြောင့် လာမယ့်နှစ်အတွင်း တင်ပို့မှုရပ်ဆိုင်းရမယ့် အခြေအနေမျိုးနဲ့ ကြုံတွေ့လာနိုင်တယ်လို့ သစ်သီးဝလံကုန်သည်တွေက ပြောပါတယ်။

ပြည်ပပို့ကုန်နဲ့ပတ်သက်ပြီး လက်ရှိမှာ မူဝါဒပိုင်းအရ ထိန်းချုပ်ကန့်သတ်မှုတွေရှိနေတာကြောင့် ပို့ကုန်တင်ပို့မှု နည်းပါးလာနိုင်ပြီး အကျိုးဆက်အနေနဲ့ သွင်းကုန်တင်သွင်းရာမှာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“အခု ပြည်ပဈေးကွက်လည်းရှိတယ်၊ ဈေးနှုန်းရတာလည်းအဆင်ပြေတယ်။ နစက က ကုန်သွယ်ရေးပေါ်လစီ ထိန်းချုပ်နေတာကြောင့် အခက်အခဲတွေဖြစ်နေတာ။ လာမယ့်နှစ်မှာ တင်ပို့မှု ရပ်ဆိုင်းသွားနိုင်တယ်။ ထောပတ်သီးဈေးကွက်က ပြည်ပတင်ပို့မှု ထွက်ပေါက်ရှိမှလည်း အဆင်ပြေမယ်။ ပို့ကုန်ဝင်ငွေမရှိရင် သွင်းကုန်တင်သွင်းခွင့် မပြုဘူးဆိုတဲ့ မှုဝါဒကလည်း ရှိနေတော့ မဖြစ်မနေတင်သွင်းရမယ့် ကုန်ပစ္စည်းတွေအပေါ်မှာ ထိခိုက်လာနိုင်သလို မှောင်ခိုလမ်းကြောင်းလည်း ပိုပြီး ကြီးထွားလာနိုင်တယ်”လို့ သူက ပြောပါတယ်။

ပို့ကုန်ရငွေနဲ့ပတ်သက်လို့ လက်ရှိမှာ ထိန်းချုပ် တင်းကျပ်မှုတွေ ဆက်တိုက် လုပ်ဆောင်လျက်ရှိရာ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ကသတ်မှတ်တဲ့ ဒေါ်လာငွေလဲနှုန်းအတိုင်း လဲလှယ်ရပြီး ကျန် ၃၅ ရာခိုင်နှုန်းကိုသာ လွတ်လပ်စွာ အသုံးပြုခွင့်ရှိတဲ့အပြင် ပို့ကုန်တင်ပို့ရာမှာ ၁၀၀ ရာခိုင်နှုန်း ငွေချေပြီးမှသာ တင်ပို့ခွင့်ပြုတဲ့အတွက် လုပ်ငန်းပိုင်းမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

“ငွေလဲနှုန်း သတ်မှတ်ချက်တွေရယ်၊ ၁၀၀ ရာခိုင်နှုန်း ပိုက်ဆံရမှ ကုန်ပို့ရမယ်ဆိုတော့ ဒီကရောင်းမယ်သူက အရင်ငွေချေပြီး ပို့ရတယ်။ ဟိုကပစ္စည်းကြည့်ပြီးမှ ငွေရှင်းပေးတာ။ ငွေရောက်လာတော့ ဒီမှာထပ်ပြီး ငွေလဲနှုန်းမှာထပ်ရှုံးတယ်။ ကွန်တိန်နာတလုံးပို့တိုင်း သိန်း ၃၀၀ လောက်ရှုံးမယ့်ကိန်းဆိုတော့ အခုနှစ်ကုန်ရင် လုပ်ငန်းဆက်လုပ်ကြတော့မယ် မထင်ဘူး”လို့ နောက်ထပ် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိမှာ မြန်မာ့ထောပတ်သီးကို ဟောင်ကောင်၊ အိန္ဒိယ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေအပြင် ဥရောပဈေးကွက်ဖြစ်တဲ့ ပြင်သစ်နဲ့ နယ်သာလန်နိုင်ငံတို့ကိုလည်း တင်ပို့လျက်ရှိသလို ဒူဘိုင်းနဲ့ စင်ကာပူကလည်း မှာယူမှုတွေရှိနေပြီး ထောပတ်သီး ၁ တန်ကို အမေရိကန်ဒေါ်လာ ၂ ထောင်ဝန်းကျင်ခန့် ရရှိတယ်လို့ သိရပါတယ်။

ထောပတ်သီးကို ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း) နဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်တို့မှာ အများဆုံး စိုက်ပျိုးတဲ့အပြင် ချင်းပြည်နယ်မှာလည်း စိုက်ပျိုးမှုတွေ ရှိပေမယ့် နယ်မြေမအေးချမ်းတာကြောင့် ထွက်ရှိမှုနည်းလာတယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ထောပတ်သီးတင်ပို့မှုကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW