ရခိုင်က စစ်ဘေးရှောင်စခန်းတွေမှာ ဆောင်းရာသီ စားနပ်ရိက္ခာနဲ့ အနွေးထည်တွေ အဓိကလိုအပ်နေ

ဒီဇင်ဘာ ၁၂- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းတွေရှိတဲ့ မြို့နယ်တွေက စစ်ဘေးရှောင်တွေမှာ ဆောင်းရာသီရောက်လာပြီဖြစ်တာကြောင့် အနွေးထည်တွေနဲ့ စားနပ်ရိက္ခာတွေ အဓိကလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ဆီက သိရပါတယ်။

ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတဦးက “ကလေးတွေ၊ သက်ကြီးရွယ်အိုတွေလည်း ချမ်းနေကြပါပြီ။ အနွေးထည်တွေလိုအပ်နေပါတယ်။ စောင်တွေလည်းလိုအပ်ပါတယ်။”လို့ ပြောပါတယ်။

လက်ရှိ ဆောင်းရာသီ ဒီဇင်ဘာလအတွင်း ရခိုင်က မြို့နယ်တွေမှာ အအေးပိုလာပြီး အနွေးထည်တွေ၊ စောင်တွေနဲ့ စားနပ်ရိက္ခာလိုအပ်ချက်အပြင် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ နှစ်ဖက်အပစ်ရပ်လိုက်ပြီးတဲ့နောက် ကုန်းလမ်း၊ ရေလမ်းခရီးသွားဆက်သွယ်ရေးတွေကို ပြန်လည်ဖွင့်ပေးနေပြီဖြစ်ပေမယ့် စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးလုပ်နေကြသူတွေအနေနဲ့ စစ်ဘေးရှောင်စခန်းတွေကို အကူအညီပေးဖို့ ရောက်လာတာမျိုး မရှိသေးဘူးလို့ မြောက်ဦးမြို့နယ် ပီးပင်ရင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“ စားစရာတောင်မရှိတာမှာ အခုက အနွေးထည် ဝယ်နိုင်ဖို့ဆိုတာ မတွေးရဲစရာပါ။ လိုအပ်ချက်တွေအများကြီးရှိပါတယ်။ ဘာအကူအညီမှလည်း မရောက်ဘူး။”လို့ သူက ပြောပါတယ်။

မြောက်ဦးမြို့နယ်အတွင်း အိမ်ထောင်စု ၅၄၉ စု၊ စစ်ဘေးရှောင်၂၅၀၀ နီးပါးရှိတဲ့ ပီပင်ရင်း စစ်ဘေးရှောင်စခန်းမှာဆိုရင် ချမ်းအေးမှုဒဏ်ကို ခံစားနေကြရတဲ့ ၅ နှစ်အောက်ကလေး (၂၀၀) ကျော်နဲ့ သက်ကြီးရွယ်အို (၁) ရာကျော်ရှိတယ်လို့ သိရပါတယ်။

အဲဒီ ပီပင်ရင်း စစ်ဘေးရှောင်စခန်းမှာ မြောက်ဦးမြို့နယ်အတွင်းက ဝေသာလီ၊ ပေါက်တောပြင်၊ အုတ်ဖိုကန်၊ ဘုရားကြီး၊ ဘူးရွက်မညိုး၊ ရွာဟောင်းတော၊ လက္ကာနဲ့ ကျောက်တော်မြို့နယ် လက်ပံကျေးရွာက စစ်ဘေးရှောင်တွေ ရှိတယ်လို့ သိရပါတယ်။

အဲဒီလို မတူညီတဲ့ ကျေးရွာတွေက ကလေး၊လူကြီး လူဦးရေ ၂၅၀၀ နီးပါးရှိတဲ့ စစ်ဘေးရှောင်စခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း အဓိက လိုအပ်တယ်လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

စစ်ဘေးရှောင်အမျိုးသားတဦးက “အနွေးထည်လိုအပ်တာတွေကတော့ မှန်ပါတယ်။ ဒီမှာက အကူအညီ ဘာတခုမှမရဘဲ စားဝတ်နေရေး စိန်ခေါ်မှုရှိနေတာ ၃ လလောက်ရှိပါပြီ။ အဓိကကတော့ ကျနော်တို့ ဘယ်လိုပဲနေရ နေရ စားရေးသောက်ရေးတခုတော့ အကူအညီပေးစေချင်တယ်။ ကျန်းမာရေးအတွက်ဆိုရင် ဆေးတစ်လုံးသသောက်ရဖို့အရေးတောင် ခက်ခဲပါတယ်”လို့ ပြောပါတယ်။

ဝေလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ လေးမြို့ချောင်းဒေသက စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှာဆိုရင် ကလေးနဲ့ သက်ကြီးရွယ်အိုတွေအတွက် အနွေးထည်တွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း သိရပါတယ်။

မြောက်ဦးမြို့ပေါ်က စစ်ဘေးရှောင်စခန်းတွေမှာလည်း အလားတူ အနွေးထည်တွေ လိုအပ်နေပြီး ကူညီလှူဒါန်းပေးကြဖို့ တောင်းဆိုနေကြပါတယ်။

မြတန်ဆောင်းစစ်ဘေးရှောင်စခန်း တာဝန်ရှိသူတဦးက “ စစ်ဘေးရှောင်တွေကို အကူအညီမပေးဖို့ အာဏာပိုင်တွေက တားမြစ်ပြီးနောက်ပိုင်းကတည်းက ဘာအကူအညီမှ မရပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေ အကူအညီပေးနေတာတွေကို ပြန်ဖွင့်ပေးစေချင်တယ်”လို့ ပြောပါတယ်။

တခြား ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နဲ့ မင်းပြားမြို့နယ်တွေမှာလည်း အလားတူအခက်အခဲတွေရှိနေပြီး စစ်ဘေးရှောင်တွေအနေနဲ့ စားဝတ်နေရေး အခက်အခဲကို ကြီးကြီးမားမား ရင်ဆိုင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို သွားလာခွင့်တားမြစ်ထားတာ ၃ လ နီးပါး ကြာမြင့်လာပြီဖြစ်တာကြောင့် လက်ရှိမှာ ရခိုင်ပြည်နယ်ကောင်စီအနေနဲ့ အကူအညီတွေပေးရေး လမ်းဖွင့်ပေးထားတာတွေရှိမရှိကို ပြည်နယ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ကျေးရွာတွေကို စွန့်ခွာပြီး စစ်ဘေးရှောင်စခန်းတွေမှာ ခိုလုံနေတဲ့ နေရပ်စွန့်ခွာစစ်ဘေးရှောင်ဦးရေ ၇ သောင်းကျော်ရှိနေသေးတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေအနေနဲ့ ဒေသတွင်း စစ်ရေးပဋိပက္ခတွေ ချုပ်ငြိမ်းပြီး နေရပ်ကိုအမြန်ဆုံးပြန်နိုင်ဖို့ ဆန္ဒရှိကြပေမယ့် နှစ်ဖက်တပ်တွေဟာ ကျေးရွာတွေအနီးအနားမှာ အခြေချနေကြတာကြောင့် နေရပ်ပြန်ဖို့ခက်ခဲနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင်

Related posts

Leave a Comment

VOM News

FREE
VIEW