ဒီပဲယင်းမြို့နယ်ထဲမှာ ကျေးရွာပေါင်း ၁၉ ရွာ မီးရှို့ခံရလို့ လူနေအိမ် ၁၆၀၀ ကျော် ပျက်စီးဆုံးရှုံး

ဒီဇင်ဘာ ၁၃ -၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရေဦး ခရိုင် ၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာပေါင်း ၁၉ ရွာမှာရှိတဲ့ လူနေအိမ်တွေ မီးရှို့ခံရတာကြောင့် အိမ်ခြေပေါင်း ၁၆၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒီပဲယင်းမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” အခုလ ၁ ရက်နေ့ကစပြီး ၁၂ ရက်အထိ ရွာပေါင်း ၁၉ ရွာက လူနေအိမ်တွေ မီးရှို့ခံရတယ် ၊ တချို့ရွာတွေဆိုရင် အရင်တခါ ရှို့ခံရပြီးလို့ အိမ်သစ်လေးတွေ ပြန်ဆောက်ထားတာပါ ၊ အဲ့ဒီ အိမ်လေးတွေပါ ထပ်ပြီးရှိုခံရတာဖြစ်တယ်၊ တချို့ မီးဘေးသင့်တဲ့သူဟာ သုံးကြိမ်ဆက်တိုက် သင့်ခဲ့ကြတာဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

လတ်တလော မီးရှို့ဖျက်ဆီးခံရတဲ့ ရွာပေါင်း ၁၉ ရွာ ၊လူနေအိမ်ခြေ ၁၆၀၀ ကျော်နဲ့ ပတ်သက်ပြီး ဒေသခံ ပရဟိတသမားတွေ စာရင်းပြုစုထားတာက” ပျော်ဘွယ်ရွာ ၃၃ အိမ် ၊ (မစိုးရိမ်ရွာရေဦးမြို့နယ်) ၊ မဲအိုးရှာ ၈၃ အိမ် ၊ ညောင်ကြီးကုန်းရွာ ၆၄ အိမ် ၊ လက်ယက်ကုန်းရွာ ၁၈၆အိမ် ၊ မူးခံတွင်းရွာ ၁၆၃ အိမ်၊ ညောင်လှရွာ ၁၉၇ အိမ် ၊ ကံကုန်းရွာ ၅ အိမ် ၊ ဝဲကြီးရွာ ၈၅ အိမ် ၊ သပြေသာရွာ ၂၅ အိမ်ံ ၊ ရုံးသာရွာ ၃၀ အိမ် ၊ နများ ၃၁၈ အိမ် ၊ ယဥ်ကျေးရွာ ၁၃ အိမ် ၊မူးရိုးကုန်းရွာ ၈၅ အိမ် ၊ ဘန့်ဘွေးရွာ ၁၂ အိမ် ၊ အင်ပင်ရွာ၂၅၀ အိမ် ၊ ကုန်းတဲရွာ ၇၅ အိမ် ၊ ကုန်းကြီးရွာ ၁၂ အိမ် ၊ ပေါက်ရင်းရွာ ၉ အိမ် ၊ ချောင်းပေါက်ရွာ ၃၈ အိမ် မီးလောင်ပျက်စီးခဲ့တယ်”လို့ သိရပါတယ်။

ဒါ့အပြင် ညောင်လှရွာ ၊ ကံဦးကျောင်းယဉ်ကျေးရွာ ၊ ယဉ်ကျေးတောကျောင်း ၊ မူးရိုးကုန်းရွာ ၊ ရန်ကွင်းကြီးကျောင်း ၊ ညောင်ကြီးကုန်းရွာ ၊ ညောင်ကြီးကုန်းကျောင်း စတဲ့ ဘုန်းကြီးကျောင်း ၄ ကျောင်းလည်း မီးဘေးသင့်တဲ့အထဲ ပါဝင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဒီရက် မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၁၆၀၀ ကျော်ရှိတယ် ၊ မီးဘေးသင့် ပြည်သူ ၈ ထောင်ဝန်းကျင်ရှိပြီး အဝတ်အထည်နဲ့ အစားအသောက်တွေ လိုအပ်နေတယ် ၊ သတ်မှတ်ထားတဲ့ ကယ်ဆယ်ရေး စခန်းမရှိတာကြောင့် သူတို့နဲ့ နီးစပ်ရာ နေရာတွေမှာ ယာယီ ခိုလှုံနေကြတာ “လို့ ဒီပဲယင်း ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ မီးလောင်ပျက်စီးရတာတွေနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ရှို့တယ်ဆိုတာ အခုထိတော့ အတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဒီပဲယင်းနယ်ထဲက ကျေးရွာ တချို့ မီးရှို့ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ရေဦး ခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က” ဒီပဲယင်းမြို့နယ်ထဲမှာ မီးရှို့ခံရတာတွေ ၊ ရွာတွေထဲက လူနေအိမ်တွေ ၊ ဘုန်းကြီးကျောင်းတွေ နဲ့ တပ်ရုတ်ထားတဲ့ ရဲကင်းစခန်းတွေ ၊ ကျေးလက်ဖွံ့ဖြိုးရေး အဆောက်အဦတွေ မီးရှို့ခံရတယ် ၊ ပြီးခဲ့တဲ့နှစ် ၂၀၂၁ အောက်တိုဘာ ၁၁ ရက်ည ၉ နာရီဝန်းကျင်က ဒီပဲယင်းမြို့နယ် ၊ သစ်ရာအိုက်ကျေးရွာက သစ်ရာအိုက် ရဲကင်းစခန်း ၊ အောက်တိုဘာ ၂၄ ရက်ညက ညောင်လှကျေးရွာက ညောင်လှရဲကင်းစခန်း မီးရှို့ခံရတာတွေရှိတယ် ” လို့ ပြောပါတယ်။

ဒီပင်ယင်းမြို့နယ်ဟာ မုံရွာခရိုင် ၊ ရွှေဘိုခရိုင် ၊ ယင်းမာပင်ခရိုင် ၊ ကလေးခရိုင်နဲ့ နယ် နမိတ်ချင်း ထိစပ်လျက်ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာကစလို့ ထိတွေ့တိုက်ပွဲငယ်တွေ မကြာခဏ ဖြစ်ပွားတဲ့ မြို့နယ်တခုဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဒီပဲယင်း

Related posts

Leave a Comment

VOM News

FREE
VIEW