YBS ယာဉ်လိုင်းနဲ့ ယာဉ်မောင်းအချို့ သတ်မှတ်စည်းကမ်း ဖောက်ဖျက်ကျူးလွန်မှု ပိုများလာနေ

ဒီဇင်ဘာ ၁၃ – ၂၀၂၂
SN (VOM)

လက်ရှိ YBS ယာဉ်လိုင်းနဲ့ ယာဉ်မောင်းအချို့အနေနဲ့ သတ်မှတ်စည်းကမ်း ဖောက်ဖျက်ကျူးလွန်မှုတွေ ပိုမိုလုပ်ဆောင်လာနေတယ်လို့ YBS စီးတဲ့ ခရီးသွားပြည်တွေဆီက သိရပါတယ်။

YBS ယာဉ်လိုင်းအချို့ဟာ လက်ရှိမှာ အရင် မထသခေတ်ကလို တစီးနဲ့တစီး အပြိုင်အဆိုင် ကျော်တက်မောင်းနှင်တာ၊ သတ်မှတ်ယာဉ်စီးခထက် ပိုမိုကောက်ခံတာ၊ ကတ်ဖြတ်စက်တွေကို တိပ်တွေနဲ့ပိတ်ထားတာ၊ စက်ကို ဖြတ်ခွင့်မပေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“တချို့ကားသမားတွေဆို အသက်ကြီးနေပြီ။ ပိုက်ဆံရပြီးရော ခရီးသည်တွေကို ဇွတ်တင်တာ။ ကားတစီးလုံး ကျပ်ညှပ်၊ ခြေနင်းခုံအထိ လူတွေအပြည့်။ ကားတံခါးတောင် မပိတ်နိုင်ဘူး။ ပိုက်ဆံရပြီးရော မလုပ်သင့်ဘူး။ တချို့ကားသမားတွေဆို ခရီးသည်တွေကို စိတ်မရှည်ဘူး ဆဲပါဆဲသေးတာ။ အခုခေတ်က ခါးပိုက်နှိုက်တွေ ပိုပေါလာရတဲ့အထဲ ကားကျပ်တာ အရမ်းအန္တရာယ်များတယ်။ ပြီးတော့ ကားကိုဘရိတ်ဆောင့်အုပ်တာကလည်းရှိသေးတယ်။ မတော်လို့ လူပြုတ်ကျရင်လည်း တာဝန်ယူမှုကမရှိဘူး”လို့ YBS စီးတဲ့ ခရီးသည်တဦးက ပြောပါတယ်။

ယာဉ်စီးခနှုန်းထားကိုလည်း အရင်က ခရီးစဉ် စ/ဆုံး ပုံသေ ကျပ် ၂၀၀ သတ်မှတ်ထားရာကနေ အခုနောက်ပိုင်း ယာဉ်လိုင်းတချို့အနေနဲ့ ခရီးစဉ် အကွာအဝေးပေါ်မူတည်ပြီး ကျပ် ၃၀၀ ကနေ ၅၀၀ / ၁၀၀၀ အထိ တိုးမြှင့်ကောက်ခံလာကြတာတွေ ရှိတယ်လို့ သိရပါတယ်။

“ယာဉ်စီးခ တရားဝင် ကျပ် ၃၀၀ သတ်မှတ်လိုက်တဲ့အချိန်မှာလည်း ဘာမှမထူးပါဘူး။ ပိုတောင်းနေတာပါပဲ။ မထသခေတ်ကလို စပါယ်ယာတွေပြန်တင်လာတယ်။ မှတ်တိုင်ရောက်ရင်လည်း အရင်လို ရပ်၊ တင်၊ ချ လုပ်ပြီးတာနဲ့ ကားကိုချက်ချင်းမထွက်တော့ဘူး။ လူတွေအကြာကြီးစောင့်ခေါ်တယ်။ အခုအချိန်က နေရာတိုင်းမှာ အန္တရာယ်တွေချည်းပဲမို့ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်သွားလိုတဲ့နေရာကို အချိန်နဲ့အခါနဲ့ ရောက်ချင်ကြတဲ့သူတွေချည်းပါပဲ။ ကိုယ်ချင်းစာစိတ်လေး ထားပေးစေချင်တယ်”လို့ နောက်ထပ် ခရီးသည်တဦးက ပြောပါတယ်။

ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ကတော့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေ စည်းကမ်းဖောက်ဖျက်မှုတွေကို အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောဆိုထားပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကနေ အခု ၂၀၂၂ ခုနှစ်၊ စက်တင်ဘာအထိ ၁၂ လတာကာလအတွင်း စည်းကမ်းမလိုက်နာလို့ အရေးယူခဲ့တဲ့ YBS ယာဉ်ပေါင်း ၅၃၉ စီးထိရှိခဲ့ပြီး CNG ပိတ်သိမ်းထားတယ်လို့ သိရပါတယ်။

အဲဒီ့လိုအရေးယူရာမှာ သတ်မှတ်ယာဉ်စီးခထက် ပိုမိုကောက်ခံတဲ့ ယာဉ်လိုင်းပေါင်း ၁၅ လိုင်းမှ ယာဉ်အစီးရေ ၅၃၉ စီးကို CNG ထုတ်ယူခွင့် ၃ လ ကနေ ၆ လအထိ ပိတ်ထားပြီး ယာဉ်စီးခပိုမိုကောက်ခံတာနဲ့ ယာဉ်အကူပါရှိတဲ့ ယာဉ်လိုင်းတွေကိုတော့ CNG ထုတ်ယူခွင့် ၁ နှစ် ပိတ်သိမ်းထားတယ်လို့ သိရပါတယ်။

အခုလို YRTC က အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုထားပေမယ့် လက်တွေ့ မြေပြင်အခြေအနေမှာတော့ ယာဉ်စီးခကို သတ်မှတ်နှုန်းထားထက် ပိုပေးနေရဆဲဖြစ်သလို ယာဉ်နောက်လိုက်တွေလည်း ရှိနေဆဲပဲဖြစ်ပါတယ်။

“တကယ်ပိတ်မယ်ဆို လမ်းပေါ်မှာ လိုင်းကားတောင် ရှိတော့မှာမဟုတ်ဘူး။ အကုန်လုံးလိုလိုက အကျင့်ပျက်နေကြတာလေ။ တကယ်စိတ်ရှည် တကယ်ကျင့်ဝတ်ကောင်းတဲ့ ကားသမားလည်းရှိပါတယ်။ ဒါပေမယ့် အဲ့ဒီ့လိုလူမျိုးက လက်ချိုးရေလို့တောင် ရတယ်။ ယာဉ်နောက်လိုက်တွေ ပါလာတယ်ဆိုတာကလည်း ယာဉ်မောင်းမိန်းမတွေများတယ်။ ကားပေါ်တက်တဲ့ အပေါက်ဝနားကခုံမှာ မိန့်မိန့်ကြီးထိုင်၊ ခြင်းတောင်းကြီးချပြီး ကားခကောက်နေတာ။ အရင် မထသခေတ်က စပါယ်ယာတွေက ကားထိုင်ခုံပေါ်မထိုင်ဘူး။ ‌ရှေ့နောက် ပိုက်ဆံလိုက်ကောက်တာ။ အဲ့ဒီမိန်းမတွေကတော့ ထိုင်ရာကမထ ပိုက်ဆံသိမ်းတာ။ ဒီကြားထဲ စိတ်မထင်ရင် မထင်သလို အော်ငေါက်တာကလည်း ရှိသေးတယ်”လို့ YBS ခရီးသည်တဦးက ပြောပါတယ်။

YRTC အနေနဲ့ လက်ရှိ ရန်ကုန်မြို့တွင်း YBS ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၃၀၀ ကျော်စီးနဲ့ ခရီးသည် ၁၃ သိန်းကျော်ကို ဝန်ဆောင်မှုပေးနေတယ်လို့ ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ရန်ကုန် #YBSကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW