တောင်သူလယ်သမားတွေအတွက် စိန်ခေါ်မှုများနေဆဲ သွင်းအားစုပြဿနာ

ဒီဇင်ဘာ ၁၄-၂၀၂၂�SN (VOM)

ကိုဗစ် နဲ့ နိုင်ငံရေးပြောင်းလဲမှုတွေကြောင့် လက်ရှိမှာ တောင်သူတွေ မလွှဲမသွေ ရင်ဆိုင်နေရတဲ့ပြဿနာကတော့ စိုက်ပျိုး‌ရေးသွင်းအားစုပြဿနာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံက တင်သွင်းတဲ့ ဓာတ်မြေသြဇာဈေး အဆမတန် မြင့်တက်နေသလို စက်သုံးဆီဈေးတွေဟာလည်း သိသာစွာ ကျဆင်လာခြင်း မရှိသေးပါဘူး။

အဲ့ဒီ့လို စိုက်ပျိုး‌ရေးသွင်းအားစုတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်လာသလို စိုက်ပျိုးစရိတ်တွေလည်း မြင့်တက်လာတာကြောင့် တောင်သူတွေအနေနဲ့ တပူပေါ်နှစ်ပူဆင့်ရုံမကတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

“ဓာတ်မြေဩဇာဈေးတွေက ပြီးခဲ့တဲ့နှစ်ကထက် ၃ ဆလောက်ကို တက်သွားတာ။ ပြီးခဲ့တဲ့နှစ်က ၃၂၀၀၀/၅၃၀၀၀ လောက်ပဲရှိတာ။ အခု ၁၃၀၀၀၀ ဖြစ်သွားပြီ။ ဒါတောင် ပြန်ကျသွားတာ။ ၁ သိန်းခွဲအထိ တက်သွားသေးတယ်။ တောင်သူတွေအတွက်ကတော့ တနှစ်ထက်တနှစ် အဆင်ပြေလာတယ်ဆိုတာ မရှိသေးဘူး။ ပိုဆိုးလာတာပဲရှိတယ်။ အကုန် အခက်အခဲတွေချည်းပဲ။ ကိုယ့်မိရိုးဖလာ ဒီအလုပ်ပဲ လုပ်တတ်တာမို့လို့သာ လုပ်နေရတာ၊ အရှုံးပဲပေါ်တယ်။ အမြတ်ဆိုတာမရှိဘူး။ စပါးဈေးတွေတက်ပေမယ့်လည်း စပါးက ထွက်မှမထွက်တာ။ ရောင်းစရာကိုမရှိဘူး”လို့ နေပြည်တော်၊ လယ်ဝေးမြို့နယ်က တောင်သူတဦးက ပြောပါတယ်။

ဆောင်းသီးနှံ စတင်စိုက်ပျိုးချိန်ကပင် မြေသြဇာဈေးနှုန်းများ၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အားဆေးနဲ့ ပိုးသတ်ဆေးတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်ခဲ့တာကြောင့် စိုက်ပျိုးတောင်သူတွေအနေနဲ့ မြေသြဇာတွေ၊ အားဆေးတွေကို လိုသလောက် အသုံးမပြုနိုင်ခဲ့ကြဘူးလို့ သူက ပြောပါတယ်။

အဲ့ဒီ့လို သွင်းအားစုတွေ နိုင်နင်းစွာ အသုံးမပြုနိုင်ချိန်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တာကြောင့်လည်း အပင်ပျက်စီးမှုတွေ ရှိခဲ့ပြီး သီးနှံတွေ မထွက်တော့တဲ့အတွက် အရင်နှစ်ကထက် အထွက်နှုန်း ထက်ဝက်ခန့် လျော့ကြနိုင်တယ်လို့ တောင်သူတွေက ပြောပါတယ်။

”မိုးများလို့ အပင်တွေသေကုန်တာတွေရှိတယ်။ အဲ့ဒီတော့ အထွက်နှုန်းလည်း လျော့နိုင်တယ်။ ပြီးတော့ စိုက်ပျိုးစရိတ်ဈေးတွေ၊ မြေဆီဈေးတွေက အရမ်းကိုများတော့ တောင်သူတွေ ဆေးမလိုက်နိုင်ဘူး။ ဆေးမလိုက်နိုင်တော့ တချို့တွေ အပင်မဖြစ်ဘူး။ ဆေးမလိုက်နိုင်လို့ ရသလောက်လေးနဲ့ စိုက်ပြန်တော့လည်း မိုးများလို့ အပင်တွေသေ။ ပြောရရင်တော့ စိတ်ညစ်စရာတွေချည်းပါပဲ။ တောင်သူဘဝကတော့ ဘယ်တော့မှ နံလန်ထူနိုင်မသိဘူး”လို့ ဧရာဝတီတိုင်းမှ တောင်သူတဦးက ပြောပါတယ်။

လက်ရှိ ဓာတ်မြေဩဇာဈေးနှုန်းတွေဟာ နိုင်ငံတကာမှာလည်း မြင့်တက်နေတာဖြစ်ပြီး အရင်က ဓာတ်မြေဩဇာ ၁ တန်ကို ဒေါ်လာ ၅၀၀ ရှိပေမယ့် အခု ဒေါ်လာ ၇၅၀ လောက်ဖြစ်သွားတယ်လို့ မူဆယ်နယ်စပ်မှ ကုန်သည်တဦးက ပြောပါတယ်။

“ဓာတ်မြေဩဇာဈေးတက်ရခြင်းရဲ့အဓိကအကြောင်းရင်း နံပါတ် ၁ အချက်က နိုင်ငံတကာမှာတင် ဈေးတက်တာ။ တရုတ်ပြည်မှာလည်း ဈေးတက်တယ်။ ဓာတ်မြေဩဇာထုတ်တဲ့ အိန္ဒိယကလည်း ဈေးတက်တယ်။ တခြားနိုင်ငံတွေကလည်းဈေးတက်တယ်။ ဒါ့ကြောင့် နံပါတ် ၁ က နိုင်ငံခြားကဈေးတက်တာလည်းပါတယ်။ နံပါတ် ၂ ကကျတော့ မြန်မာငွေတန်ဖိုးကျပြီးတာ။ အဓိကကတော့ ငွေကြေးဖောင်းပွမှုပေါ့။ အဲ့ဒါကြောင့် ဓာတ်မြေဩဇာ‌ဈေးတွေ မြင့်တက်နေတာပါ” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေထဲမှာ ဓာတ်မြေဩဇာ အများဆုံး ဖြစ်တဲ့အတွက် နှစ်နိုင်ငံနယ်စပ်ဂိတ်တွေအားလုံး ဖွင့်လှစ်ပေးလိုက်မယ်ဆိုရင် ဓာတ်မြေဩဇာများစွာ ဝင်ရောက်‌လာနိုင်တာကြောင့် ဈေးနှုန်းပြန်လည် ကျဆင်းလာနိုင်တယ်လို့ သူက ပြောပါတယ်။

“တရုတ်နိုင်ငံကနေ မြန်မာပြည်ကို အများဆုံးပို့တာ ဓာတ်မြေဩဇာ။ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ပြန်ကောင်းမယ်၊ လမ်းတွေပွင့်လာမယ်၊ ဓာတ်မြေဩဇာတွေ အရင်အတိုင်းပဲ ဝင်လာမယ်ဆိုရင်တော့ မြန်မာပြည်အတွင်းမှာ ဓာတ်မြေဩဇာဈေးနှုန်း ကျသွားနိုင်ပါတယ်”လို့ သူက ပြောပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေးအတွက် စက်သုံးဆီ အသုံးပြုရမှုအနေနဲ့လည်း အရင်က လယ် ၁ ဧက စက်သုံးဆီ ၁ ဂါလန်ခွဲအတွက် ကျပ် ၁၈၀၀၀-၂၀၀၀၀ ခန့်သာ ပေးရပေမယ့် အခုနှစ်မှာတော့ ၁ ဧကကို ၃၅၀၀၀-၄၀၀၀၀ ကျပ်အထိ ပေးနေရတယ်လို့ သိရပါတယ်။

“ဆီဖိုးကျတော့လည်း မသက်သာဘူး။ အရင်နှစ်ထက် ထက်ဝက်တွေချည့်ကုန်တာ။ ပေါင်းသတ်ဆေးကျတော့လည်း ၂ သောင်းဖိုးကို ၁ ဧကခွဲလောက်ပဲ ရတော့တယ်။ အပင်အားဆေးတွေကျတော့လည်း အမျိုးအစားအလိုက်ပေါ့ ၁ သောင်းခွဲ၊ ၂ သောင်းလောက် ပေးရတယ်။ ပိုးသတ်ဆေးတွေကတော့ ၁ ဧကစာကို ၂ သောင်းလောက်ပေးရတယ်။ အကုန်လုံး ၂ ဆ တက်လာတာ။ အကုန်အတက်တွေချည်းပဲ။ တောင်သူတွေအတွက်ကတော့ အခက်အခဲတွေချည်းပဲ။ အဆင်ပြေတာကိုမရှိဘူး”လို့ မန္တလေးတိုင်းက တောင်သူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရ မြန်မာ့ငွေကြေးတန်ဖိုးမှာလည်း ဆက်တိုက် ကျဆင်းနေပါတယ်။ တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ဓာတ်မြေသြဇာဈေးဟာ အရင်ထက် ၃ ဆ ပိုမိုမြင့်တက်လျက်ရှိသလို ဒေါ်လာဈေးမှာလည်း သိသိသာသာ ကျဆင်းမှု မရှိသေးပါဘူး။ ဒါ့ကြောင့်လည်း စက်သုံးဆီဈေးနှုန်းတွေဟာ ဆယ်စုနှစ်အတွင်းအမြင့်ဆုံး ဈေးတန်းကို ရောက်ရှိ‌နေပါတယ်။

မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့အလျောက် နိုင်ငံအတွင်း မှီတင်း နေထိုင်ကြတဲ့ ပြည်သူ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်မှာနေထိုင်ကြပြီး အများစုဟာ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်ကြပါတယ်။

လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်ဟာ နိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (ဂျီဒီပီ)မှာ ထက်ဝက်မျှ ပါဝင်နေပါတယ်။ ပြည်တွင်းက စုစုပေါင်း လုပ်သားဦးရေရဲ့ သုံးပုံနှစ်ပုံခန့်ကို စိုက်ပျိုးရေးကဏ္ဍကနေ အလုပ်အကိုင်ရရှိစေပြီး နိုင်ငံရဲ့အဓိကပို့ကုန် ဝင်ငွေကိုလည်း ဒီကဏ္ဍကနေပဲ ရှာဖွေပေးနိုင်ပါတယ်။

နှစ်စဉ်တိုးပွားလျက်ရှိတဲ့ နိုင်ငံ့လူဦးရေအတွက်လည်း စားနပ်ရိက္ခာဖူလုံအောင် ထုတ်လုပ်ပေးလျက်ရှိသလို ပြည်တွင်းစုဆောင်းမှုနဲ့ အရင်းအနှီးစုဆောင်းမှုတို့ကို လယ်ယာစိုက်ပျိုးရေးကဏ္ဍကနေပြီး ဖြည့်ဆည်းပေးလျက်ရှိနေတာပါ။

ဒါ့ကြောင့် နိုင်ငံ့စီးပွားရေး၊ ပြည်သူတွေ စားနပ်ရိက္ခာဖူလုံရေးနဲ့ အလုပ်အကိုင်စီးပွားဖြစ်ထွန်းရေးတို့အတွက် လယ်ယာ စိုက်ပျိုးရေးကဏ္ဍဟာ အဓိကအားထားရတဲ့ မဏ္ဍိုင်တခုပါ။

ဒီလယ်ယာစိုက်ပျိုးရေးမဏ္ဍိုင် စဉ်ဆက်မပြတ် လည်ပတ်နိုင်ဖို့အတွက် ပင်ပန်းဆင်းရဲခံပြီး လုပ်ကိုင်ဆောင်ရွက်နေကြတဲ့သူတွေကတော့ နိုင်ငံအနှံ့အပြားမှာရှိနေတဲ့ တောင်သူလယ်သမားတွေပဲ ဖြစ်ပါတယ်။��လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဟာ ရေ၊ မြေ၊ ရာသီဥတုနဲ့ သွင်းအားစု၊ ရောင်းအားစု အမျိုးမျိုးအပေါ်မှာ မှီခိုအားထားနေရတဲ့အတွက် အခက်အခဲအမျိုးမျိုးရှိတာကြောင့် တောင်သူလယ်သမားတွေရဲ့ ဘဝအနာဂတ် ရှင်သန်ရေးမှာ အရေးကြီးလှတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ တောင်သူတွေဟာ ကိုဗစ်ကြောင့် အထိနာနေရတဲ့အပြင် နယ်မြေမအေးချမ်းမှုတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေကို ကောင်းမွန်စွာ မလုပ်ကိုင်နိုင်သလို စိုက်ပျိုးရေးစရိတ်၊ သွင်းအားစုစရိတ် ကြီးမြင့်မှုတွေရဲ့ဒဏ်ကိုလည်း ခါးစည်းခံနေကြရပါတယ်။

ဒါ့ကြောင့် ရှေ့ဆက်ရမယ့် အနာဂတ်မှာတော့ တောင်သူလယ်သမားတွေအတွက် စိန်ခေါ်မှုများစွာ၊ မသေချာခြင်းများစွာနဲ့ ဆက်လက် ရင်ဆိုင်နေရဦးမှာပဲ ဖြစ်ပါတယ်။ ။

Photo-Agricultural Group
#voiceofmyanmar #VOM #တောင်သူလယ်သမား #သွင်းအားစုကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW