အာဖရိက ကမ္ဘာရဲ့မျှော်လင့်ချက်၊ ချန်ပီယံအိမ်မက်နဲ့ မော်ရိုကိုအသင်းရဲ့ ကမ္ဘာ့ဖလား ဆောင်းအိမ်မက်

ဒိုဟာ၊ ဒီဇင်ဘာ-၁၄-၂၀၂၂
မျိုးဆက်(VOM)

လက်ရှိကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ်အသင်းဟာ အာဂျင်တီးနားအသင်းနည်းတူ ဗိုလ်လုပွဲကို တက်ဖို့နဲ့ ချန်ပီယံဆုကို ဆွတ်ခူးဖို့ရေပန်းစားတဲ့ အသင်းတသင်းဖြစ်ပြီး အုပ်စုအဆင့်၊ ကွာတားဖိုင်နယ်နဲ့ ရှုံးထွက်အဆင့်တွေမှာ ပြိုင်ဘက်တွေကို အကောင်းဆုံးကျော်ဖြတ်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ၁၉၉၈ ခုနှစ်က ဘရာဇီးအသင်းပြီးရင် ကမ္ဘာ့ဖလား ဆီးမီးဖိုင်နယ်အဆင့်ကို ပထမဆုံးပြန်လည်တက်ရောက်နိုင်ခဲ့ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အသင်းလည်းဖြစ်ပြီး ကမ္ဘာ့ဖလား မျှော်လင့်ချက်တပွေ့တပိုက်နဲ့ ပြိုင်ဘက် မော်ရိုကိုကို ရေကုန်ရေခန်းယှဉ်ပြိုင်ဖို့ရှိနေပါတယ်။

တဘက်မှာလည်း မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့တဲ့ အာရပ်နဲ့ အာဖရိကအသင်းဖြစ်တာကြောင့် ပြင်သစ်နဲ့ပွဲစဉ်ဟာ မော်ရိုကိုအသင်းအပြင် အာဖရိသားတွေရဲ့ ကမ္ဘာ့ဖလားမျှော်လင့်ချက်အတွက် နောက်ဆုံးစက္ကန့်ထိ အရေးပါနေပါတယ်။

ပြင်သစ်နဲ့ မော်ရိုကိုအသင်းတို့ဟာ နိုင်ငံတကာပွဲစဉ်တွေမှာ ငါးကြိမ်ထိ တွေ့ဆုံခဲ့ဖူးပြီး ၂၀၀၇ ခုနှစ်က နှစ်ဂိုးစီသရောကျခဲ့ကာ ပြင်သစ်သင်းက တကြိမ်မှမရှုံးဖူးသေးတဲ့ အစဉ်အလာရှိနေပါတယ်။

ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ မော်ရိုကိုအသင်းဟာ ကမ္ဘာ့အကောင်းဆုံး ထိပ်တန်း ၁၀ သင်းချိတ်နေတဲ့ စပိန်၊ ပေါ်တူဂီနဲ့ ဘယ်လ်ဂျီယံတို့လို အသင်းတွေကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းလာတာဖြစ်တဲ့အတွက် ပြင်သစ်အနေနဲ့ လျှော့တွက်လို့မရတဲ့ အနေအထားဖြစ်ပါတယ်။

ဒါ့အပြင် အုပ်စုအဆင့်၊ ကွာတားနဲ့ ရှုံးထွက်အဆင့်တွေဖြတ်သန်းမှုမှာ မော်ရိုကိုခံစစ်က တဂိုးမှမပေးခဲ့ရပါဘူး။

ကနေဒါကို ၂-၁ နဲ့နိုင်ခဲ့တဲ့ပွဲစဉ်မှာ ပေးလိုက်ရတဲ့ဂိုးကလည်း ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတာဖြစ်ပြီး ပေါ်တူဂီကို ၁-၀ နဲ့ အနိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ မော်ရိုကိုရဲ့ ပြောင်မြောက်လှတဲ့ ခံစစ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ပြင်သစ်အသင်းကတော့ အုပ်စုပွဲစဉ်ကစပြီး လက်ရှိချိန်ထိ တိုက်စစ်ထက်တဲ့အသင်းအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး ရဂိုး ၁၁ ဂိုးရှိပြီး ပေးဂိုးငါးဂိုးထိရှိနေပြီး ဂီယော့၊ ဒမ်ဘီလီနဲ့ အမ်ဘာပေတို့ဦးဆောင်တဲ့ တိုက်စစ်က အင်္ဂလန်နဲ့ ပိုလန်နှစ်ပွဲပေါင်း ငါးဂိုးသွင်းနိုင်တဲ့ထိ ဂိုးမြူးနေပါတယ်။

ပြင်သစ်ဗဟိုနောက်ခံလူနဲ့ ကွင်းလယ်သမားတဦးပါအ၀င် မော်ရိုကိုနဲ့ပွဲကို ပြင်သစ်ကစားသမား သုံးဦးလွဲချော်ဖွယ်ရှိနေပေမယ့် လူအင်အားတောင့်တင်းတဲ့ ပြင်သစ်အတွက်တော့ ထိုးနှက်ချက်လို့ သတ်မှတ်လို့ မရတဲ့အခြေအနေဖြစ်ပါတယ်။

မော်ရိုကိုအသင်းမှာတော့ ဒဏ်ရာရ ပွဲပယ်ကြောင့် ပြင်သစ်နဲ့ပွဲမှာ မကစားနိုင်တဲ့ ကစားသမား လေးဦးထိရှိနေတာကြောင့် ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။

မော်ရိုကိုအသင်းရဲ့ တိုက်စစ်ကိုကြည့်မယ်ဆိုရင်လည်း ပွဲစဉ်တလျှောက် ငါးဂိုးသာသွင်းနိုင်သေးတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒါကြောင့် ခံစစ်ကို အဓိကအားပြုပြီး တန်ပြန်တိုက်စစ်နဲ့ ဂိုးသွင်းဖို့ကြိုးစားလာမယ့် မော်ရိုကိုအသင်းဟာ ဂိုးမြူးနေတဲ့ ပြင်သစ်အသင်းရဲ့ တိုက်စစ်ကို ရေရှည်မှာတောင့်ခံနိုင်ဖို့ မဖြစ်နိုင်တာကြောင့် အာဖရိကကမ္ဘာရဲ့ နှစ်ပေါင်းများစွာအတွင်း ကမ္ဘာ့ဖလားမျှော်လင့်ချက်၊ မော်ရိုကိုအသင်းရဲ့ ကမ္ဘာ့ဖလားချန်ပီယံအိပ်မက်ဟာ ဆောင်းရာသီရဲ့နှင်းတွေနဲ့အတူ ပျောက်ကွယ်သွားဖွယ်ရှိနေပါတယ်။

Ref: Reuters
#voiceofmyanmar #VOM #ဒိုဟာ

Related posts

Leave a Comment

VOM News

FREE
VIEW