MSMEလုပ်ငန်းတွေ ချေးငွေ အများဆုံး ကျပ် သန်း ၅၀၀ အထိ လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်

ဒီဇင်ဘာ ၁၅ – ၂၀၂၂
SN (VOM)

အသေးစား၊ အငယ်စားနဲ့ အလတ်စား (MSME) လုပ်ငန်းရှင်တွေအနေနဲ့ ချေးငွေ အများဆုံး ကျပ် သန်း ၅၀၀ အထိ လျှောက်ထား ရယူနိုင်တယ်လို့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီက ဒီဇင်ဘာ ၁၅ ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။

အခု ချေးငွေတွေကို MSME လုပ်ငန်းရှင်တွေအနေနဲ့ JICA Two-Step Loan ချေးငွေဆောင်ရွက်တဲ့ဘဏ် – မြန်မာ့စီးပွားရေးဘဏ် (MEB)၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SMIDB)၊ မြန်မာ့ရှေ့ဆောင်ဘဏ်နဲ့ မြန်မာအရှေ့တိုင်းဘဏ်တို့မှာ ရယူနိုင်တယ်လို့ သိရပါတယ်။

“တကယ်ပေးလို့ တကယ်ရရင်တော့ အကောင်းဆုံးပေါ့။ ကျွန်တော့်တယောက်တည်းရဲ့အမြင်နဲ့ဆိုရင်တော့ ကျွန်တော့်အထင်တော့ ဒါက ဖြစ်နိုင်ချေမရှိဘူး။ ကိုယ်အပ်ထားတဲ့ ငွေကိုတောင် ဘဏ်ကနေ ခက်ခက်ခဲခဲ ပြန်ထုတ်နေရတာဆိုတော့ ဒါကို ဟာသတခုလို့ပဲ မြင်ပါတယ်”လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ကော်မတီအနေနဲ့ အဲ့ဒီ ကျပ်သန်း ၅၀၀ ချေးငွေအတွက် သက်တမ်းအများဆုံး ၅ နှစ် သတ်မှတ်ထားပြီး အတိုးနှုန်းအနေနဲ့ မရွှေ့ပြောင်းနိုင်တဲ့ အာမခံပစ္စည်းနဲ့ ချေးယူရင် ၅ ဒသမ ၅ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်း လျှော့ပေါ့ချေးငွေနဲ့ ချေးယူရင် ၆ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားကာ အပေါင်ပစ္စည်းမှာ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း (မြေနဲ့ မြေပေါ်ရှိအဆောက်အဦ) ဖြစ်ရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် မြန်မာ့စီးပွားရေးဘဏ်မှာ ရယူနိုင်တဲ့ ချေးငွေအမျိုးအစားကိုတော့ အများဆုံး သက်တမ်း ၅ နှစ်၊ချေးငွေပမာဏ အများဆုံး ကျပ်သန်း
၃၀၀ သတ်မှတ်ထားပြီး အဲ့ဒီ ချေးငွေအမျိုးအစားအတွက် အတိုးနှုန်းအနေနဲ့ မရွှေ့ပြောင်းနိုင်တဲ့ အာမခံပစ္စည်းနဲ့ချေးယူရင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းလျှော့ပေါ့ချေးငွေ ချေးယူရင် ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းမှာ စက်ပစ္စည်းအာမခံ ထည့်သွင်းချေးယူရင် ၈ ဒသမ ၅ ရာခိုင်နှုန်းကနေ ၁၁ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

“သူတို့က ချေးငွေထုတ်ပေးမယ်သာ ပြောတာ။ ဘယ်နေ့ဘယ်ရက် ချေးငွေထုတ်လို့ရမယ်။ ဘယ်လိုတွေဆောင်ရွက်ရမယ်ဆိုတာ အသေးစိတ် ချပြထားတာမတွေ့သေးဘူး။ အရင်တုန်းကလည်း ဒီလိုပဲ ချေးငွေထုတ်ပေးမယ်ပြောပြီး တကယ်တမ်းကျ မရခဲ့ဘူး။ ကျွန်တော်တို့အတွက်ကတော့ ဒီအချိန်မှာ အကုန်ခက်ခဲနေတာဖြစ်တဲ့အတွက် ပေးမယ်ဆို တကယ်ထိထိရောက်ရောက် ဖြစ်စေချင်တယ်။ ဒီအချိန်မှာက ဆီဈေးကလည်း ထင်သလောက်မကျ၊ မီးကလည်းမမှန်ဆိုတော့ ရပ်တည်ဖို့ အရမ်း ခက်ခဲတယ်။ တကယ်တမ်း ချေးငွေဆိုတာထက်ကို အဓိကက လျှပ်စစ်မီးပုံမှန်ရဖို့နဲ့ စက်သုံးဆီဈေးတွေ ချပေးပြီး ဆိုင်တိုင်းပုံမှန်ဈေးဖြစ်ဖို့ကိုပဲ အရင်လုပ်ပေးစေချင်တယ်”လို့ MSME လုပ်ငန်းရှင်တဦးက ပြောပါတယ်။

MSME ချေးငွေတွေကို လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က စတင်ထုတ်ချေးပေးခဲ့တာဖြစ်ပြီး လက်ရှိ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိ SMIDB ဘဏ် (MSME) ချေးငွေအစီအစဉ်ကနေ လုပ်ငန်းရှင် ၄၅၆ ဦးအတွက် ချေးငွေကျပ် ၂၀,၆၃၈ သန်း၊ JICA Two-Step Loan (MSME) ချေးငွေအစီအစဉ်ကနေ လုပ်ငန်းရှင် ၂,၀၄၅ ဦးအတွက် ချေးငွေကျပ် ၃၆၄,၅၃၄ ဒသမ ၁၈ သန်းနဲ့ MEB ဘဏ် (MSME) ချေးငွေအစီအစဉ်ကနေ လုပ်ငန်းရှင် ၃၄၂ ဦးအတွက် ချေးငွေကျပ် ၂၅,၉၇၇ သန်း ထုတ်ချေးပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #MSMEလုပ်ငန်း #ချေးငွေကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW