ပခုက္ကူမြို့မှာ ယာဥ်စစ်ဆေးရေးအဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရ ၊ ၁ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၁၉ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့ ၊ ချောက်ကန်ကျေးရွာနဲ့ တက္ကသိုလ်အကြား ကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက ယာဥ်စစ်ဆေးရေး တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” ပခုက္ကူ – မြိုင် ကားလမ်း ၊ ချောက်ကန်ရွာနဲ့ ပခုက္ကူတက္ကသိုလ်ကြား စက်သုံးဆီ အရောင်ဆိုင်နားမှာ နေ့ခင်း ၁ နာရီဝန်းကျင်က ဖြစ်တာပါ ၊ အဲ့ဒီ ပစ်ခတ်ခံရမှုကြောင့် တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၊ ၁ ဦးပြင်းထန် ဒဏ်ရာရတယ် ၊ သူတို့ သေနတ်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ပါသွားတယ်”လို့ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ တွေ့ရတာက ” အဲ့ဒီ ပစ်ခတ်တိုက်ခိုက်မှုဟာ ပခုက္ကူနယ် အခြေစိုက် Earthquake People’s Defence Force အဖွဲ့က သူတို့ လုပ်ဆောင်တာ ဖြစ်တယ်”လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

MA3 သေနတ် (၁)လက်၊ အူစီသေနတ်(၁)လက်၊ G3 ကျည် (၅၀၀)၊ G3 ကျည်ဘောက်(၂)ခု၊ ကား(၁)စီး၊ လက်ထိပ်၊ စာအုပ်(၁) အုပ်၊ မှတ်ပုံတင်၊ ဖိနပ်၊ ဦးထုပ်၊ ငွေသား(၃)သိန်းနဲ့ လက်ကိုင်ဖုန်း(၂)လုံးကို သိမ်းဆည်းရမိတယ်လို့ အဲ့ဒီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေး အဖွဲ့ဆီ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုချိန်ထိတော့ ဆက်သွယ်မရသေးပါဘူး။

ပြီးခဲ့တဲ့လပိုင်းကလည်း ဧရာဝတီ မြစ်ကူး ပခုက္ကူတံတားမှာ ရဲတဦးဟာ သေနတ်နဲ့ ပစ်ခံရပြီး ရဲသေနတ် ပါသွားတဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW