နိုင်/ကျဥ်းဟောင်း ၊ ကဗျာဆရာ မောင်မှိုင်းလွင်(အင်းဝ) ကွယ်လွန်

ဒီဇင်ဘာ ၂၀-၂၀၂၂
HK(VOM)

နိုင်ငံရေးအကျဥ်းသားဟောင်းတဦးလည်းဖြစ်၊ ၁၉၇၆ခုနှစ် မှိုင်းရာပြည့် ကျောင်းသားများခေါင်းဆောင်လည်းဖြစ်၊ အထက်တန်းရှေ့နေတဦးလည်းဖြစ်တဲ့ ကဗျာဆရာ မောင်မှိုင်းလွင်(အင်းဝ) ခေါ် ဦးတင်အေးကြူဟာ ဒီကနေ့နေ့လယ်ပိုင်းကပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားပြီဖြစ်တယ်လို့ မိသားစုဝင်တွေရဲ့ အသိပေးချက်အရ သိရပါတယ်။

ဆရာကြီးရဲ့ သမီးဖြစ်သူက ” ဖေဖေ ဦးတင်အေးကြူ (ခ) မောင်မှိုင်းလွင် (အင်းဝ) ယနေ့ ဒီဇင်ဘာ ၂၀၊ ၂၀၂၂ ခုနှစ် ထိုင်းနိုင်ငံ စံတော်ချိန် နေ့လည် ၂ နာရီ ၁၇ မိနစ်တွင် ဘဝတပါးသို့ ကူးပြောင်းသွားပြီဖြစ်ကြောင်း မိသားစု မိတ်ဆွေများအား လေးစားစွာဖြင့် အကြောင်းကြားအပ်ပါတယ်။ မနက်ဖြန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာပဲ ရုပ်အလောင်းကို သင်္ဂြိုလ်ပါမယ်။ လာရောက်နိုင်တဲ့ မိတ်ဆွေများအတွက် အချိန်နဲ့နေရာကို ပြန်လည် အကြောင်းကြားပါမယ်။”လို့ အသိပေးထားတာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ ပြုလုပ်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ နိုင်ငံရေးပွဲများ၊ စာပေဟောပြောပွဲတိုင်းမှာလည်း တက်ရောက်ခဲ့သူဖြစ်ပြီး ကဗျာစာပေလောကအတွက် ဆုံးရှုံးမှုကြီးတခုဖြစ်တယ်လို့လည်း မန္တလေးစာရေးဆရာအသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆရာကြီးဟာ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ မွေးဖွားကြီးပြင်ခဲ့သူဖြစ်ပြီး ၁၉၆၉ခုနှစ်မှာ ရန်ကုန်၊ စက်မှုတက္ကသိုလ် (RIT)ကျောင်းသို့ တက်ရောက်ခဲ့သူဖြစ်ပါတယ်။

စက်မှုကျောင်းမတက်မှီ ၁၉၆၀ နဲ့ ၇၀အလွန် နှစ်များကတည်းက ကဗျာစာပေများကို ရေးသားဖြတ်သန်းခဲ့သူဖြစ်ပြီး ၁၉၆၂ဆဲဗင်းဂျူလိုင်၊ ၁၉၆၉ကျွန်းဆွယ်အရေးအခင်း၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်၊အလုပ်သမားအရေးခင်း၊၁၉၇၄၊ ၇၅၊ ၇၆မှ ၈၈ အရေးတော်ပုံခေတ်များကို ကဗျာဆရာအဖြစ် ဖြတ်သန်းခဲ့သူလည်း ဖြစ်ပါတယ်။

‘မြင်းခွာတစ်ချက် ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ်”(၁၉၇၃ စက်တင် ဘာ(အင်းဝ))စာအုပ်နဲ့ လူသိများခဲ့သူဖြစ်ပြီး ၁၉၈၂ခုတွင် ရှေ့နေတဦးဖြစ်လာသူ ဖြစ်ပါတယ်။

၁၉၉၀အလွန်မှာတော့ ထောင်ဒဏ် ၁၄နှစ် ကျခဲ့ပြီး ၂၀၀၅ခုနှစ်အလွန်မှာတော့ အကျဥ်းကျရာမှ ပြန်လည်လွတ်မြောက်ကာ ကဗျာများကို ဆက်လက်ရေးသားခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။

Photo Crd – Original Upkoader
#voiceofmyanmar #VOM #မောင်မှိုင်းလွင်(အင်းသ) #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW