သေဒဏ်ချခံရသူတွေနဲ့ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပကျောင်းသားအဖွဲ့အစည်း ၉၆ ဖွဲ့က အင်ဒိုနီးရှားသမ္မတထံ အိတ်ဖွင့်စာ ပေးပို့

ဒီဇင်ဘာ ၂၃ – ၂၀၂၂
SN (VOM)

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် နိုင်ငံရေးလှုပ်ရှားသူတွေ သေဒဏ်ချမှတ်ခံရတာနဲ့ ပက်သက်ပြီး လာမယ့် ၂၀၂၃ မှာ အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်တော့မယ့် အင်ဒိုနီးရှားသမ္မတဆီကို ပြည်တွင်း၊ ပြည်ပ ကျောင်းသားအဖွဲ့အစည်းတွေ စုပေါင်းပြီး အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့ အိတ်ဖွင့်စာကို မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ နီပေါနိုင်ငံက ကျောင်းသားအဖွဲ့အစည်း (၉၆) ဖွဲ့က စုပေါင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဒီစာထဲမှာ ကျောင်းသားအဖွဲ့အစည်းတွေက သေဒဏ်ချမှတ်မှုအပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို အရေးယူဖမ်းဆီးတာတွေ ရပ်တန့်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးတို့အတွက် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ အာဆီယံက ဖိအားပေးအရေးယူဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် နစက က လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ရင် ယုံကြည်နိုင်လောက်တဲ့ ပြစ်ဒဏ်တွေထားရှိဖို့ ဘုံသဘောတူညီချက် ၅ ချက် အပေါ် အာဆီယံရဲ့ဆောင်ရွက်ချက်တွေကို ပြောင်းလဲပြီး NUG,NUCC,EROs များတွေနဲ့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖို့ကိုလည်း အဓိကတောင်းဆိုထားပါသေးတယ်။

“ဥပဒေမဲ့လုပ်ရပ်တွေကို လူသားချင်းစာနာပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေက လက်ပိုက်ကြည့်မနေကြစေချင်ဘူး။ အမြန်ဆုံး ထိထိရောက်ရောက်နဲ့ ကူညီစေချင်တယ်။ အခုအခြေအနေက သူတို့လက်ခုပ်ထဲကရေလို ဖြစ်နေတော့ ဒီသေဒဏ်ပေးခံရတဲ့သူတွေ ဘယ်အချိန်မှာ ဘာဖြစ်သွားမလဲ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူးလေ။ အမြန်ဆုံး အကူအညီတွေ ရစေချင်ပါိတယ်”လို့ ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်းတဦးက ပြောပါတယ်။

ဦးဂျင်မီ၊ ဦးဇေယျာသော် အပါအဝင် ၄ ဦးကို သေဒဏ်စီရင်ခြင်းမပြုဖို့ မေတ္တာရပ်ခံတဲ့ ၂၀၂၂ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ ဆောင်ရွက်ချက်ဟာလည်း မအောင်မြင်ခဲ့တာကြောင့် ပြည်သူတွေက အာဆီယံအပေါ် ယုံကြည်ကိုးစားမှု ကျဆုံးခဲ့ရတယ်လို့ အခုပေးပို့တဲ့စာမှာ ရေးသားထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံသမ္မတ မစ္စတာဂျိုကိုဝီဒိုဒိုဟာ ၂၀၂၂ ခုနှစ်အတွင်း G20 နိုင်ငံတွေရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပါတယ်။

အခုနှစ် နိုဝင်ဘာလအတွင်းကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ်ဆီကနေ အာဆီယံဥက္ကဋ္ဌရာထူးကို လွှဲပြောင်းလက်ခံထားပြီး လာမယ့် ရက်ပိုင်းအတွင်းမှာပဲ စတင် တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစားရပ်တည်ကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဘုံသဘောတူညီချက်တွေကို မလိုက်နာတဲ့ နစကအပေါ် အရေးယူနိုင်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ တွေ့ဆုံဆွေးနွေးရေးတို့အပေါ် အစဉ်တစိုက်ရပ်တည်ထားသူ ဖြစ်ပါတယ်။

ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဒုဗိုလ်မှူးကြီး(ငြိမ်း) စောမိုးဝင်း ပစ်သတ်ခံရမှုနဲ့စွပ်စွဲကာ ဒဂုံတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ လူငယ် ၇ဦးကို ဧပြီ ၂၂ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရပြီး ဘယ်နေရာမှာ ဖမ်းဆီးခံထားရတယ်လို့ မသိဘဲ အဆက်အသွယ် ပြတ်တောက်နေရာကနေ အင်းစိန်ထောင်တွင်း အကျဉ်းကျနေပြီး သေဒဏ်ချမှတ်ခံရတာ ဖြစ်ပါတယ်။

သေဒဏ်ချမှတ်ခံထားရသူတွေဟာ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်မောင်တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂က/၃၄ နဲ့ နစကက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်က သေမိန့်ချမှတ်ခဲ့တာဖြစ်ပြီး သူတို့နဲ့အတူ အခြားလူသုံးဦးလည်း သေဒဏ်အတူချမှတ်ခံထားရပါတယ်။

“စစ်အာဏာရှင်အလိုကျ တရားစီရင်ရေး စနစ်ပဲဖြစ်တယ်။ ဒီတရားစီရင်ရေးစနစ်အောက်မှာပဲ ကျွန်တော်တို့ ကျောင်းသားလူငယ်ပေါင်းများစွာဟာ ထောင်တွင်းအကျဥ်းချခံနေရတဲ့အပြင် အခုအခါ သေဒဏ်ထိပါ ချမှတ်ပြီးတော့မှ ကွပ်မျက်စီရင်ဖို့ ကြိုးစားလာတဲ့ကိစ္စကိုတော့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချတယ်”လို့ တ.က.သ ကျောင်းသားဟောင်းများအင်အားစုအဖွဲ့ဝင်တဦးက ပြောပါတယ်။

အခုလို ကျောင်းသားတွေ သေဒဏ်ချမှတ်ခံရမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံးပြီး တားဆီးအရေးယူပေးဖို့ကိုလည်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တောင်းဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်တဲ့ စာရင်းတွေအရ လက်ရှိအချိန်အထိ သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၃၀ ကျော် ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပြည်တွင်း၊ပြည်ပကျောင်းသားအဖွဲ့အစည်း၉၆ဖွဲ့ #အင်ဒိုနီးရှားသမ္မတထံအိတ်ဖွင့်စာပေးပို့

Related posts

Leave a Comment

VOM News

FREE
VIEW