လာမယ့်နှစ်မှာ စစ်ပွဲအနိုင်တိုက်မယ်လို့ ယူကရိန်းနိုင်ငံခြားရေး၀န်ကြီး ပြော

ကိဗ်ယက်၊ ဒီဇင်ဘာ-၂၇-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းတပ်ဖွဲ့၀င်တွေဟာ အမေရိကန်ကထောက်ပံ့ပေးမယ့် ပက်ထရီးယော့ဒုံးကျည်စနစ်ကို ဘယ်လိုအသုံးပြုရမယ်ဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံပြင်ပမှာ လေ့ကျင့်သင်ကြားသွားမယ်လို့ ယူကရိန်း နိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။

ပက်ထရီးယော့ ဒုံးကျည်စနစ်ကို လာမယ့်ခြောက်လအတွင်း ဖြန့်ကြက်အသုံးပြုနိုင်မှာဖြစ်ပြီး ယူကရိန်းအနေနဲ့ လာမယ့်နှစ်မှာ စစ်ပွဲအနိုင်ရဖို့ တတ်နိုင်သမျှလုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေး၀န်ကြီးဖြစ်သူ ဒီမီထရိုကူလီဘာက ပြောပါတယ်။

ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် နိုင်ငံတကာညီလာခံကို ဖေဖော်ဝါရီလကုန်မှာ ကျင်းပဖို့ ဆန္ဒရှိတယ်လို့သူကဆိုပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုတနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလမှာ ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ ကုလသမဂ္ဂရဲ့ ပူးပေါင်းဆောင်ရွက်မှုရရှိရန် ယူကရိန်းအစိုးရအနေဖြင့် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ကူလီဘာက ပြောပါတယ်။

ယူကရိန်းပိုင်နက်ကနေ ရုရှာတပ်တွေအားလုံးရုပ်သိမ်းရေးအပါအ၀င် အချက် ၁၀ ချက်ပါ၀င်တဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ယူကရိန်းသမ္မတ ဇီလန်စကီးက အဆိုပြုထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တင်ပြဖွယ်ရှိနေပါတယ်။

ရုရှားကတော့ ယူကရိန်းအခြေခံအဆောက်အအုံတွေကို ဆက်လက်တိုက်ခိုက်နေပြီး စစ်ပွဲပြီးဆုံးမယ့် အရိပ်အယောင်မရှိသေးပါဘူး။

ဒီဇင်ဘာ ၂၅ ရက်က ရုရှားစစ်အခြေစိုက်စခန်းတခုကို မောင်းသူမဲ့ယာဉ်နဲ့ တိုက်ခိုက်ခံရမှုကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ဒါဟာယူကရိန်းရဲ့ တိုက်ခိုက်မှုလို့ ရုရှားက စွပ်စွဲထားပါတယ်။

Ref: NHK
Ref: AP
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW