လူ့အခွင့်အရေး ဆိတ်သုဉ်းနေဆဲ မြန်မာ့လုပ်သားများ

ဒီဇင်ဘာ ၂၈ – ၂၀၂၂
SN (VOM)

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ အခြေခံအလုပ်သမားအခွင့်အရေးတွေ လုံးဝ ဆိတ်သုဉ်းသွားတယ်လို့ သိရပါတယ်။

အလုပ်သမားအရေး လှုပ်ရှားသူတွေရဲ့အဆိုအရ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး ၁ နှစ်ခွဲကျော် ကာလအတွင်း အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေ အပြည့်အဝ မရရှိတဲ့အပြင် လူ့အခွင့်အရေးတွေကိုပါ ချိုးဖောက်ခံနေရတယ်လို့ သိရပါတယ်။

စက်ရုံ၊ အလုပ်ရုံမှာ အလုပ်သမားတွေရဲ့ ၁ ရက် အလုပ်လုပ်ချိန် ၈ နာရီ သတ်မှတ်ထားပေမယ့် အလုပ်ရှင်တွေဘက်ကတော့ မလုပ်နိုင်တဲ့ စံချိန်တွေကို တောင်းပြီး အတင်းအဓမ္မစေခိုင်းတာတွေ၊ ညဆိုင်းအချိန်ပိုတွေကိုလည်း လုပ်အားခ မပေးဘဲ ခိုင်းစေတာတွေအထိ ရှိလာတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပုံမှန်အလုပ်ပိတ်ရက် တနင်္ဂနွေနေ့တွေ၊ အစိုးရရုံးပိတ်ရက်တွေမှာလည်း လုပ်အားခမရဘဲ အချိန်ပိုဆင်းပေးနေရပြီး အလုပ်သမား အခွင့်အရေးတွေ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခံနေရတာတွေလည်း ရှိနေပါတယ်။

“အထည်မပြည့်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ဆင်းပေးနေရတာပါ။ သူတို့သတ်မှတ်ထားတဲ့ အထည်အရေအတွက် မပြည့်ရင် တနင်္ဂနွေနေ့တွေမှာ အလုပ်နားလို့မရပါဘူး။ သက်မှတ်ချက် မပြည့်လို့ ဆင်းပေးရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီနေ့အတွက် အချိန်ပိုကြေးလည်း မရပါဘူး။ အစိုးရရုံးပိတ်ရက်တွေနဲ့ ကြုံကြိုက်တဲ့အခါမှာလည်း သက်မှတ်ချက် မပြည့်ရင် ဆင်းပေးရတာပါပဲ။ အစိုးရရုံးပိတ်ရက်တွေ ဆင်းပေးရရင် အလုပ်သမားဥပဒေအတိုင်းဆို ၁ ရက်လုပ်ခရဲ့နှစ်ဆ အိုတီကြေးရရမှာပါ။ ဒါပေမယ့် မရပါဘူး။ အလကားဆင်းပေးရတာပါပဲ။ မဆင်းနိုင်ရင် အလုပ်ကထွက်ပေါ့၊ ဒါပဲရှိတယ်။ ဘယ်သူ့မှလည်း တိုင်လို့မရဘူး”လို့ ရွှေပြည်သာစက်မှုဇုန် အထည်ချုပ်စက်ရုံမှ အလုပ်သမားတဦးက ပြောပါတယ်။

လက်ရှိမှာ ပြည်တွင်းက အလုပ်သမားတွေအနေနဲ့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက် အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ မရှိတော့တဲ့အတွက် အလုပ်သမားအခွင့်အရေးတွေ၊ အကျိုးခံစားခွင့်တွေကို တောင်းဆိုလို့ မရဘဲ ဖိနှိပ်ခံနေကြရတယ်လို့ သိရပါတယ်။

နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး ၁ လအကြာ ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှာ နကစရဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကနေ အလုပ်သမားသမဂ္ဂနဲ့ အလုပ်သမားအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်း ၁၆ ဖွဲ့ကို တရားမဝင်အဖွဲ့အစည်းတွေအဖြစ် ကြေညာခဲ့ပါတယ်။

အဲဒီလို ကြေညာခံရပြီးတဲ့နောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေဟာ ပိုဆိုးလာပြီး သမဂ္ဂခေါင်းဆောင်တွေနဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေ အဖမ်းခံရတာကြောင့် အလုပ်သမားသမဂ္ဂတွေ ပျောက်ကွယ်တော့မယ့် အခြေအနေဖြစ်နေတယ်လို့ ရန်ကုန်ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ဩဂုတ် ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

”နောက်တခုရှိသေးတယ်၊ အစိုးရရုံးပိတ်တွေ လာတော့မယ်ဆိုရင် အဲ့ဒီနေ့ အလုပ်ပိတ်ရဖို့အတွက် ပုံမှန်နားရက် တနင်္ဂနွေနေ့ကို မနားရဘဲ ကြိုဆင်းပေးရ‌တာတွေရှိသေးတယ်။ သူတို့က ၁ ပတ်ကို ၁ ရက်ထက်ပိုပြီး အလုပ်ပိတ်ချင်တာမဟုတ်ဘူးလေ။ ဖြစ်နိုင်ရင် တရက်မှကို မပိတ်ချင်ကြတာဖြစ်တဲ့အတွက် မတရားခိုင်းကြတာ။ အလုပ်ဆင်းရလို့ ပိုက်ဆံရရင်လည်းတော်သေးတယ်။ အခုက တမင်ကိုညစ်ပြီး မပေးဘဲနေကြတာ။ အလုပ် ၁ ရက်ပျက်တာနဲ့ ရက်မှန်ကြေးကလည်း ပြုတ်မှာဆိုတော့ ဘယ်သူမှ မပျက်ရဲကြဘူး။ ဒီအချိန်မှာ ဘယ်သူ့မှလည်းတိုင်လို့မရတော့ သူတို့အတွက် အခွင့်ကောင်းလို ဖြစ်နေတာပေါ့။ အခုက ဘယ်အလုပ်ရှင်မှ မျှတမှုမရှိပါဘူး။ အားလုံး တဖက်သတ် ကိုယ်ကျိုးကြည့်ပြီးပဲ အလုပ်လုပ်ကြတာ”လို့ နောက်ထပ် အထည်ချုပ် အလုပ်သမားတဦးက ပြောပါတယ်။

ဒါ့အပြင် စက်ရုံ၊ အလုပ်ရုံက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဆိုရင်လည်း မမွေးခင် (၆)ပတ်နဲ့ မွေးပြီး (၈)ပတ်တာ ခွင့်ရရှိချိန်မှာ ဥပဒေမဲ့ အလုပ်ထုတ်ခံရတာတွေလည်း ရှိနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

“အလုပ်ပိတ်ရက်၊ ခွင့်ရက် ဥပဒေကိုလည်း အလုပ်ရှင်က လေးစားလိုက်နာမှု မရှိတော့ဘူး။ အလုပ်သမားတွေက သူတို့ အခွင့်အရေးတွေ ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေကြရတယ်။ အလုပ်သမားတွေကို ဥပဒေမဲ့ အလုပ်ထုတ်တယ်၊ ဘာနစ်နာကြေးမှ မရဘူး။ အမျိုးမျိုး အပြစ်ရှာပြီး အလုပ်ထုတ်တာတွေ ရှိနေတယ်”လို့ အလုပ်သမားအရေး ‌ဆောင်ရွက်သူတဦးက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ITUC)ကတော့ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး (၆)လအကြာမှာ မြန်မာနိုင်ငံဟာ အလုပ်သမားအခွင့်အရေး အချိုးဖောက်ခံရဆုံး ၁၀ နိုင်ငံစာရင်းမှာ ဝင်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တဖက်မှာတော့ ပြည်တွင်းက မတည်ငြိမ်မှုတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ သူ့ထက်ငါ အပြိုင်အဆိုင် ထွက်ခွာနေကြပါတယ်။ အဲ့ဒါကြောင့် အလုပ်အကိုင်ရှားပါးမှုတွေ ဖြစ်ပေါ်လာပြီး အလုပ်သမားတွေ အလုပ်လက်မဲ့တိုးလာနေချိန်မှာ အလုပ်ရှင်တွေကတော့ လခစား အလုပ်သမားတွေကို မခန့်ကြတော့ဘဲ နေ့စားအလုပ်သမားအဖြစ် ခေါ်ယူတာလည်း ရှိနေပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စီးပွားရေးမတည်ငြိမ်ဖြစ်မှုတွေကြောင့် နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံသူတွေဟာ ၎င်းတို့ရဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ လခစားကျွမ်းကျင်လုပ်သားတွေကို အကြောင်းပြချက်အမျိုးမျိုးနဲ့ ထုတ်ပယ်မှုတွေ ရှိနေပါတယ်။

အဲ့ဒီထုတ်ပယ်လိုက်တဲ့ သူတွေရဲ့နေရာမှာ ဘယ်လို အာမခံချက်မှမပေးရတဲ့ နေ့စားအလုပ်သမားတွေကို လက်ရှိမှာ အသုံးပြု လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။ အလုပ်ရှင်တွေရဲ့ အခုလို လုပ်ဆောင်လာနေမှုတွေကြောင့် ကျွမ်းကျင်လုပ်သား အများစုဟာ အလုပ်လက်မဲ့ အခြေအနေကို ရောက်ရှိလာနေပါတယ်။

“တကယ်တော့ အခု နေ့စားသမား အတော်များများက အရင်က ကျွမ်းကျင်လုပ်သားတွေပဲ။ သူတို့စက်ရုံတွေက ပိတ်တာနဲ့ ထုတ်ခံရတာတွေကြောင့် အလုပ်လက်မဲ့ဖြစ်တာကနေ စားဝတ်နေရေးအတွက် စက်ရုံတွေမှာ ပြန်လျှောက်တော့ ဘယ်လောက်ပဲ ကျွမ်းကျင်နေပါစေ နေ့စားပဲခေါ်ခန့်တယ်။ စက်ရုံဘက်က ဘာအာမခံချက်မှ မပေးရဘူးလေ”လို့ အလုပ်သမားသမဂ္ဂမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီ့လို နေ့စားအလုပ်သမားတွေကို ခေါ်ယူအသုံးပြုနေခြင်းဟာ အလုပ်ရှင်တွေက လခစား ကျွမ်းကျင်လုပ်သားတွေလို အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေနဲ့ အထွေထွေအာမခံချက်တွေ ပေးစရာမလိုဘဲ လုပ်အားခ အနည်းငယ်သာပေးရပြီး ကုန်ကျစရိတ် သက်သာမှုတဲ့အတွက် ခေါ်ယူ အသုံးပြုနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

နေ့စားအနေနဲ့ ဝင်ရောက် လုပ်ကိုင်နေသူတွေကို စက်ရုံတွေက သုံးလ ဒါမှမဟုတ် ငါးလ အစမ်းခန့်ကာလ သတ်မှတ်ပြီး လခစားဝန်ထမ်းအဖြစ် ခန့်အပ်မယ်လို့ နှုတ်ကတိတွေပေးခဲ့ပေမယ့် အမှန်တကယ်မှာတော့ အစမ်းခန့်ကာလ ပြည့်ခါနီးအချိန်မှာတင် အကြောင်းအမျိုးမျိုးပြပြီး အလုပ်ကနေ ရပ်နားခံနေရမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ရင်လည်း ဆေးကုသခွင့် လုံလောက်စွာမရရှိတာကြောင့် ကိုယ်လက်အင်္ဂါဆုံးရူံးမှုတွေနဲ့ အသက်အန္တရာယ် ဆုံးရူံးမှုတွေရှိနေပြီး အခုလို အခြေအနေတွေအပေါ်မှာ အလုပ်ရှင်တွေဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုတစုံတရာ မရှိခဲ့ဘူးလို့ သိရပါတယ်။

နေ့စား အလုပ်သမားတွေဟာ လခစား ကျွမ်းကျင်လုပ်သားတွေနည်းတူ အလုပ်ခွင်အတွင်း ဝင်ရောက် လုပ်ကိုင်နေစဥ်အတွင်း တနင်္ဂနွေပိတ်ရက်နဲ့ အများပြည်သူ ရုံးပိတ်ရက်တွေအတွက်လည်း လခ အကျိုးခံစားခွင့် ရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်ထိခိုက်မှုတွေ ရှိလာရင်လည်း လခစား ဝန်ထမ်းတွေနည်းတူ ဆေးကုသမှုကို အလုပ်ရှင်ကပေးရမှာဖြစ်ပေမယ့် လက်ရှိမှာ အလုပ်သမားတွေဟာ ဒီအခွင့်အရေးတွေကို မရရှိကြပါဘူး။

ပြည်တွင်းက လုပ်သားတွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၁၈ လ ကြာကာလနဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု ၁ နှစ်ခွဲကြာကာလမှာ မြန်မာနိုင်ငံအနေနဲ့ အလုပ်အကိုင် ဆုံးရှုံးမှုတွေနဲ့ အလွန်အမင်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အရည်အသွေးတွေ ပိုမိုဆိုးရွားစွာ ကျဆင်းလာနေပြီး ကုန်ထုတ်စွမ်းအားတွေ ပိုမိုကျုံ့ဆင်းလာကာ ၂၀၂၀ ခုနှစ် အချိန်ကာလ အလုပ်အကိုင်တွေထက် အဆင့်နိမ့်ကျလျက် ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၀ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် အမျိုးသမီးတွေနဲ့ အမျိုးသားတွေရဲ့ အလုပ်ကိုင် ၁ ဒသမ ၁ သန်း နည်းပါးသွားတယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်မှာ အလုပ်အကိုင် အခြေအနေ အနည်းငယ် ပြန်လည်ကောင်းမွန်လာပေမယ့်လည်း အလုပ်အကိုင်အရည်အသွေးတွေ ပိုမိုဆိုးရွားလာပြီး ၂၀၂၀ ခုနှစ် အချိန်ကာလထက် အဆင့်နိမ့်ကျလျက် ရှိနေဆဲဖြစ်တယ်လို့ ILO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အလုပ်သမားတွေအတွက် အခြေခံလုပ်ခလစာ ၁ ရက် (အလုပ်ချိန် ရှစ်နာရီ) ကို ကျပ် ၄၈၀၀ ကို အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ အမျိုးသားကော်မတီမှ ၂၀၁၈ ခုနှစ်က သတ်မှတ်ခဲ့ပေမယ့် လက်ရှိ ၂၀၂၂ ခုနှစ်မှာတော့ ကျပ်ငွေတန်ဖိုး ကျဆင်းလာမှုနဲ့အတူ အထွေထွေကုန်ဈေးနှုန်း အဆမ တန်မြင့်တက်လာတဲ့အတွက် စက်ရုံအလုပ်ရုံ အလုပ်သမားတွေဟာ တနေ့လုပ်အားခကို ကျပ် ရှစ်ထောင်အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။

လုပ်အားခ တိုးမြှင့်ရေးနဲ့ ပတ်သက်လို့ အခုနှစ် နိုဝင်ဘာ ၂၅ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ခြောက်လပတ် အစည်းအဝေးမှာ အလုပ်သမားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လုပ်ခလစာ တိုးမြှင့်ပေးနိုင်ရေး စီစဉ်နေတယ်လို့ ပြောဆိုခဲ့ပေမယ့် လက်ရှိအချိတ်အထိတော့ ပြည်တွင်းမှာ လုပ်သားတဦးရဲ့ အနိမ့်ဆုံးလုပ်အားခဟာ ၁ ရက်ကို ကျပ် ၄၈၀၀ သာ ရရှိနေဆဲ ဖြစ်ပါတယ်။

အနည်းဆုံး အခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ်၊ မတ် ၂၂ ရက်က ပြဌာန်းခဲ့ပြီး အဲ့ဒီ့ဥပဒေထဲမှာ ၂ နှစ် ၁ ကြိမ် သုံးသပ်ပြင်ဆင်ရမည် သတ်မှတ်ထားတာပါ။ ဒါပေမယ့် အနည်းဆုံးအခကြေးငွေ ဥပဒေကို ပြောင်းလဲဖို့ ၂ နှစ်ပြည့်မြောက်ခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းက ကိုဗစ် (၁၉) ကပ်ရောဂါကြောင့် ပြောင်းလဲ ပြင်ဆင်ရေးကို ယာယီရွှေ့ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နေ့စားလုပ်သားဖြစ်စေ၊ လခစားလုပ်သားဖြစ်စေ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း လုပ်သားအခွင့်အရေးဥပဒေတွေရဲ့ ကာကွယ်စောင့်ရှောက်မှုကို မရရှိကြတော့ဘဲ မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေကြား၊ လျှော့နည်းလာတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကြားမှာ အလုပ်ရှင်‌တွေ ဝယ်ယူထားတဲ့ လုပ်သားကျွန်များသဖွယ် ပြုမူနေထိုင်နေကြရပါတယ်။ နေ့စဉ် မြင့်တက်နေတဲ့ ကုန်စျေးနှုန်းအခြေအနေအရ လက်ရှိရနေတဲ့ ၁ ရက်လုပ်အားခ ၄၈၀၀ ကျပ်ကို လက်လွတ်ခံဖို့ မလွယ်ကူတဲ့အတွက် ကျွန်သဖွယ် ခိုင်းစေမှုအား တွန်းလှန်နိုင်ခြင်း မရှိကြပါဘူး။

ဒါ့ကြောင့် လက်ရှိမှာတော့ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးပြီး လုပ်ခလစာနိမ့်ပါးနေချိန် အထွေထွေကုန်ဈေးနှုန်း အဆမ တန်မြင့်တက်နေတာကြောင့် စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေအနေနဲ့ နေထိုင်စားသောက်စရိတ် လောက်ငှနိုင်ဖို့အတွက်ကိုတောင် အနိုင်နိုင်ရုန်းကန်နေကြရပြီး ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေးနဲ့ အနာဂတ်မဲ့ ကာလတွေကို အားတင်း ဖြတ်သန်းနေကြရဆဲ ဖြစ်ပါတယ်။ ။

#VOM #voiceofmyanmar #အလုပ်သမားကဏ္ဍ #သတင်းဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW