ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတချို့ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရ

ဒီဇင်ဘာ ၂၉-၂၀၂၂
MM(VOM)

NLD ပါတီ တာဝန်ယူခဲ့ချိန်က ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် နဲ့ တာဝန်ရှိသူတချို့ ပြန်လည်လွတ်မြောက်လာတယ်လို့ သက်ဆိုင်ရာနဲ့ နီးစပ်သူတွေ ဆီကနေသိရပါတယ်။

အခု ပြန်လွတ်လာသူတွေဟာ ၂၀၂၁ခုနှစ် ၊ ဖေဖေါ်ဝါရီ ၂ ရက်ကတည်းက ဖမ်းဆီးခံထားရသူတွေဖြစ်ပြီး ပြန်မလွတ်သေးတဲ့သူတွေလည်း ရှိနေသေးတယ်လို့ သက်ဆိုင်ရာနဲ့ နီးစပ်သူတယောက်က VOM ကိုပြောပါတယ်။

”ဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ ဝန်ကြီးတွေ ၊ လွှတ်တော် ဥက္ကဋ္ဌတွေကိုပြန်လွှတ်ပေးတာဟုတ်တယ်လို့သိရတယ် ၊ မနေ့က တချို့လွှတ် ပေးတယ် ၊ ဒီနေ့စောစောပိုင်းကလည်း တချို့ လွှတ်ပေးတယ်လို့သိရတယ်၊ မလွတ်သေးတဲ့သူတွေလည်း တော်တော်များများ ရှိပါသေးတယ် ၊ လွှတ်တဲ့ စာရင်းနဲ့ မလွှတ်တဲ့စာရင်းကို တိတိကျကျ ပြောဖို့တော့ ခက်တယ်။”လို့ သူက VOM ကို ဆက်ပြောပါတယ်

နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်တွေ စတင်ဖြစ်တဲ့အချိန် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ကနေစတင်လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့က စည်ပင်သာယာရေးဝန်ကြီး အဖြစ်တာဝန်ယူခဲ့တဲ့ ဦးကျော်မြင့် တယောက်ကလွဲလို့ လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် အစိုးရအဖွဲ့အားလုံးနီးပါး အဖမ်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

”အဖမ်းခံခဲ့ရတာက တိုင်းအစိုးရအဖွဲ့ အားလုံးနီးပါးပါပဲ ၊ အခု ပြန်လွှတ်ပေးတယ်လို့သိရတယ် ၊ ပြန်သာလွှတ်ပေးတယ်အထိ အိမ်ပြန်မရောက်သေးသူတွေလည်းရှိတယ် ၊ ဒေါက်တာလှမြသွေးတို့လို့ ပြောခွင့်ရ ပုဂ္ဂိုလ်တွေပါ ၊ နောက်ပိုင်းက တကယ့်နိုင်ငံရေးသမားစစ်စစ်တွေပဲ ကျန်တော့မှာ ၊ လွှတ်ပေးတဲ့အဖွဲ့ကလည်း ဒါက အကွက်ရွှေ့တာပါ ၊ လုပ်ကွက်ပြတာ သက်သက်ပဲ ယုံကြည်လို့ မရသေးပါဘူး။”လို့ ပုသိမ်မြို့မှ ဝါရင့်နိုင်ငံရေးသမားတယောက်က VOM ကိုပြောပါတယ်။

အခု လွှတ်ပေးတဲ့ အထဲက တိုင်းဝန်ကြီးချုပ်အဖြစ်တာဝန် ယူခဲ့တဲ့ ဦးလှမိုးအောင်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရမ်းရင်းနှီးတဲ့ ပုဂ္ဂိုလ် တယောက်ဖြစ်တယ်လို့သိရပြီး ဘယ်လိုပုံစံ သတ်မှတ်ချက်နဲ့ သက်ဆိုင်ရာက ပြန်လွှတ်ပေးတာလည်းဆိုတာကို မသိရသေးဘူးလို့ သက်ဆိုင်ရာနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW