စစ်ကိုင်းတိုင်းမှာ တနှစ်အတွင်း ရဲ၄၂ဦး အသတ်ခံရ

ဒီဇင်ဘာ ၃၁-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်းထဲမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ၂၀၂၂ ဇန်နဝါရီ ၁ ရက် ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ရဲ ၄၂ ယောက် အသတ်ခံရတယ်လို့ စစ်ကိုင်းတိုင်း ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

” အခုနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာ ၃၁ ရက်အထိ သိရတာက ရေဦး နဲ့ ခင်ဦး ကြားမှာ ၁ လပိုင်းက စကက်ကား မိုင်းထိမှန်ပြီးနောက် ပစ်ခတ်ခံရလို့ ရေဦးက ရဲ ၅ ဦး ၊ တန့်ဆည်မြို့ဝင် စစ်ဆေးရေဂိတ်ကိုသွားတဲ့ ရဲတွေစီးလာတဲ့ အရပ်ကား အပစ်ခံရလို့ တန့်ဆည်ရဲ ၆ ဦး ၊ ဆားလင်းကြီး မြို့မရဲစခန်းကနေ စျေးဝယ်ထွက်လာတဲ့ ရဲ ၄ ဦး ၊ မုံရွာ ညောင်ဖြူပင် ရဲကင်းစခန်းက စခန်းမှူး ရဲအုပ် အောင်မျိုး အပါအဝင် ၃ ဦး ၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးရဲကင်းစခန်းကနေ စျေးဝယ်ထွက်လာတဲ့ ရဲ ၄ ဦး ၊ ကလေးမြို့ ယာဥ်ထိန်းက ၁ ဦး ၊ အရာတော်နယ် နောင်ကြီးအိုင် ရဲကင်းစခန်းက ၁ ဦး၊ ကလေးဝမြို့နယ် ၊ မစိန်နယ်မြေရဲစခန်းက ရဲစခန်းမှူး အပါအဝင် ၇ ဦး ၊ဟုမ္မလင်း ရွှေပြည်အေးမြို့သစ်မှာ ဟုမ္မလင်းရဲ ၁ ဦး ၊ ဗန်းမောက်မြို့ဝင် ကိုဗစ် စစ်ဆေးရေးဂိတ်မှာ ဗန်းမောက်မြို့မရဲစခန်းက ၂ ဦး ၊ မင်းကင်းမြို့နယ် ၊ မောက္ကတော် နယ်မြေရဲစခန်းမှူး အပါအဝင် ၃ ဦး ၊ ခင်ဦးမြို့နယ်တပ်ဖွဲ့က စျေးဝယ်ထွက်လာတဲ့ ရဲမေ ၁ ဦး သေဆုံးတယ် ၊ အဲ့ဒီအပြင် ဒီဇင်ဘာ ၂၀ ရက်နေ့က စျေးဝယ်ထွက်လာတဲ့ ဆားလင်းကြီး ရဲ ၃ ဦးနဲ့ ဗောဓိတထောင်နယ်မြေက ရဲ ၁ ဦး ပစ်သတ်ခံရပြီး လက်နက်တွေပါသွားတယ်လို့ သိရတယ် ၊ ဒီဇင်ဘာ ၂၄ ရက်က ချောင်းဦးမြို့နယ် ၊ အမြင့်ရဲစခန်းတိုက်ခံရလို့ ရဲတယောက် သေဆုံးခဲ့ပါတယ်၊ စစ်ကိုင်းတိုင်းအတွင်း ၊ ဒီနှစ်ထဲမှာ လက်ရှိအချိန်ထိ သေဆုံး ရဲတပ်ဖွဲ့ဝင် ၄၂ ယောက်ရှိပြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ၊ အမြင့်ကျေးရွာ ၊ အမြင့် ရဲကင်းစခန်းမှူး ရဲအုပ် မြတ်ဘုန်းကိုကိုနဲ့ ရဲတပ်သား တဦး လစာငွေထုတ်အပြန် အရှင် ဖမ်းဆီးခံရပြီးနောက် ၊ ဒီကနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်တယ် “လို့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီအပြင် မုံရွာ ချောင်းဦး ၊ မုံရွာ ဘုတလင် ၊ ဘုတလင် ကူတော် ၊ ရေဦး ရွှေဘို ၊ ရွှေဘို မြစ်ကြီးနား ၊ ရွှေဘို စစ်ကိုင်း မန္တလေး ၊ မုံရွာ မန္တလေး စတဲ့ကားလမ်းတွေမှာ မိုင်းထိမှန်လို့ ဒဏ်ရာရခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက်ဟာလည်း စစ်ကိုင်းတိုင်း တတိုင်းလုံးအနေနဲ့ ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ အတွင်းမှာ စစ်ကိုင်းတိုင်းထဲမှာ ပစ်သတ်ခံရလို့ သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က” ပြီးခဲ့တဲ့နှစ်က ကလေး-တမူးလမ်းမှာ တမူးကနေ တရားရုံးသက်သေခံပြီး ပြန်လာတဲ့ ကလေး အထူးမူယစ်အဖွဲ့က ၃ ယောက် ၊ ဖောင်းပြင်မြို့နယ် ၊ ရေအောက်တောင်း နယ်မြေလှုပ်ရှား ရဲကင်းက ၇ ယောက် ၊ မှိုင်းချောင်း နယ်မြေရဲစခန်းက ၃ ယောက် ၊ ချောင်းဦးမြို့နယ်မှူး ရဲမှူး ဝင်းအောင် အပါအဝင် ၂ ယောက် ၊ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် ၃ ယောက် ၊ ကသာ ယာဥ်ထိန်းက ၂ ယောက် ၊ မုံရွာ ယာဥ်ထိန်းက ၁ ယောက် ၊ မုံရွာနယ်မြေရဲစခန်းက အမှုစစ် ဒုရဲအုပ် ၁ ယောက်နဲ့ ရဲတပ်ရင်း ၃၅ က ဒုရဲအုပ် ၁ ယောက် ၊ မုံရွာခရိုင်ရဲရုံးမှာ တွဲဘက် တာဝန်ထမ်းဆောင်နေတဲ့ ပုလဲမြို့မရဲစခန်းက ၁ ယောက်နဲ့ ခင်ဦး မြို့မရဲစခန်းက ၁ ယောက်၊ မဟာမြိုင်ကနေ ထောင်ပို့ပြန်လာတဲ့ ရွှေဘိုရဲစခန်း ၁ ယောက် ၊ ကောလင်း ကျောက်တန်းကားလမ်း ဝန်းသိုလမ်းခွဲ ကိုဗစ်စစ်ဆေးရေးဂိတ်မှာ ကောလင်းရဲစခန်းက ဒုရဲအုပ် ၁ ဦး အပါအဝင် ၂ ယောက် ၊ ဒီပဲယင်းနယ် မူးကမ်းကြီးရဲစခန်းကနေ ဒီပဲယင်းမြို့ပေါ်သွားတဲ့လမ်းမှာ မူးကမ်းစခန်းက ၃ ယောက် ၊ တန့်ဆည်မြို့မရဲစခန်းကနေ စျေးထွက်ဝယ်တဲ့ နယ်ထိန်းရဲ ၂ ယောက် ၊ ဘုတလင်မြို့နယ်ရဲတပ်ဖွဲ့ကနေ မုံရွာကို စကက်ကားနဲ့လာတဲ့ ရဲအဖွဲ့ မိုင်းထိမှန်းပြီး သေဆုံးတာ ၂ ယောက် ၊ ပင်လည်ဘူး ရဲစခန်းကနေ လူသတ်မှု စစ်ဆေးသွားတဲ့ အဖွဲ့ထဲက ၂ ယောက် သေဆုံးခဲ့တယ် ၊ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ဒီဇင်ဘာအထိ လက်လှမ်းမီသလောက် သိရတာက ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၃၇ ယောက် သေဆုံးတာဖြစ်တယ် “လို့ ပြောပါတယ် ။

အဲ့ဒီ အရေအတွက်ဟာ လက်လှမ်းမီးသလောက် ပြုစုထားတာဖြစ်ပြီး မြေပြင်ဖြစ်စဥ်နဲ့ အရေအတွက်ဟာ ဒီထက်ပိုနိုင်တယ်လို့လည်း သိရပါတယ်။

” စစ်ကိုင်းတိုင်းမှာ အသတ်ခံရတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ရပ်ကျေး ၊ ထွေ / အုပ် ဝန်ထမ်းတွေ ၊ ပညာရေးဝန်းထမ်းတွေ ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်တယ် ၊ အဲ့ဒီထဲက သေဆုံးသူ အများစုက ရပ်ကျေး ထွေ /အုပ် ဝန်ထမ်းတွေဖြစ်ပြီး ၊ ဒုတိယ အများဆုံးက ရဲနဲ့ ရဲမိသားစုတွေဖြစ်တယ် ၊ တတိယ အများဆုံးက ပညာရေးဝန်ထမ်းတွေဖြစ်တယ် “လို့ ဒေသခံ လူမှုကူညီရေး ပရဟိတသမား တယောက်က ပြောပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW